The network connection is lost.

Banner Image

ဆက်စ်ကိုကြောင့် ကွန်ညာနဲ့ အမ်ဘွေမိုတို့ တိုက်စစ်မှာ ပိုမိုလွယ်ကူစွာလှုပ်ရှားနိုင်တယ်လို့ ထောက်ပြပြောဆိုလာတဲ့ ရွန်းနီ

မန်ချက်စတာယူနိုက်တက်ဂန္ထဝင်တိုက်စစ်မှူးဟောင်း ဝိန်းရွန်းနီက အသင်းရဲ့တိုက်စစ်မှူးသစ်လေး ဘင်ဂျမင်ဆက်စ်ကိုကို ချီးကျူးလာခဲ့ပြီး ဆက်စ်ကိုကြောင့် မားသီးယက်စ်ကွန်ညာ၊ ဘရိုင်ယန်အမ်ဘွေမိုနဲ့ မေဆင်မောင့်တို့ အသင်းရဲ့တိုက်စစ်မှာ ပိုမိုလွယ်ကူစွာလှုပ်ရှားနိုင်ခဲ့ကြတယ်လို့ ထောက်ပြပြောဆိုလာခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဆန်းဒါးလန်းနဲ့ပွဲစဉ်မှာ ယူနိုက်တက်အတွက်ဂိုးတွေကို မေဆင်မောင့်နဲ့ တိုက်စစ်မှူးဘင်ဂျမင်ဆက်စ်ကိုတို့က သွင်းယူပေးခဲ့တာဖြစ်ပြီး အိမ်ကွင်းဂိုးပြတ်နိုင်ပွဲကို ဒီရာသီပထမဆုံးအကြိမ် ရရှိခဲ့တာဖြစ်ပါတယ်။ ယူနိုက်တက်ကစားသမားဘဝ အစပိုင်းမှာ ဂိုးသွင်းဖို့ရုန်းကန်ခဲ့ရတဲ့ဆက်စ်ကိုအနေနဲ့ ယခုအခါမှာတော့ ၂ ပွဲဆက်ဂိုးသွင်းယူထားနိုင်ပြီဖြစ်လို့ အသင်းမှာ တဖြည်းဖြည်းအသားကျလာပြီလို့လည်း ဆိုရမှာဖြစ်ပါတယ်။

ယခုအခါမှာ ရွန်းနီက "ဆက်စ်ကိုက အသင်းကို ကောင်းကောင်းကူညီနိုင်ပါတယ်။ သူ့ရဲ့ခန္ဓာကိုယ်လှုပ်ရှားပုံတွေက အသင်းဖော်တွေအတွက် တိုက်စစ်မှာလှုပ်ရှားရတာပိုလွယ်ကူစေတယ်လို့ထင်ပါတယ်။ သူ့ကြောင့် အမ်ဘွေမိုနဲ့ ကွန်ညာတို့ ကစားရတာပိုလွတ်လပ်လာပြီး သူ့နောက်ကိုလိုက်နေတဲ့ မေဆင်မောင့်အတွက်လည်း အလုပ်လုပ်လို့ပိုကောင်းပါတယ်။ သူ့အနေနဲ့ လိုအပ်နေတဲ့ဂိုးတွေလည်း သွင်းလာနိုင်ပြီဖြစ်လို့ ဒီထက်ပိုကောင်းလာဦးမှာပါ" လို့ပြောကြားခဲ့ပါတယ်။

တစ်ချိန်တည်းမှာပဲ ယူနိုက်တက်အတွက်ပွဲဦးထွက်ကစားရင်း Clean Sheet ရရှိအောင်စွမ်းဆောင်နိုင်ခဲ့တဲ့ ဂိုးသမားသစ်လေး ဆန်နီလမ်မန်းစ်ကိုလည်း ရွန်းနီက ချီးကျူးခဲ့ပါတယ်။ အင်္ဂလန်လက်ရွေးစင်ဟောင်းက "ဂိုးသမားလေးကလည်း တော်တော်ကောင်းအောင်ကစားနိုင်ခဲ့ပါတယ်။ ဂိုးဧရိယာထဲမှာ ဘယ်ချိန်ရှိရမယ် ဘယ်ချိန်ထွက်လာရမယ်ဆိုတာ ကောင်းကောင်းသိနေပါတယ်။ သူက ဘောလုံးကို သိပ်မကိုင်ထားဘဲ ရှေ့ကိုချက်ချင်းပို့တာကလည်း အသင်းအတွက်အများကြီးအကျိုးရှိစေပါတယ်" လို့ချီးကျူးပြောဆိုခဲ့ပါတယ်။

လာမယ့်အောက်တိုဘာလ ၁၉ ရက်နေ့မှာတော့ ယူနိုက်တက်ဟာ ခက်ခဲတဲ့ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် လီဗာပူးကို အန်ဖီးလ်မှာသွားရောက်ရင်ဆိုင်ရမှာဖြစ်ပြီး လမ်မန်းတစ်ယောက် ပွဲထွက်ဂိုးသမားအဖြစ်ဆက်လက်ပါဝင်လာနိုင်မလား စောင့်ကြည့်ရပါမယ်။