The network connection is lost.

Banner Image

ကွယ်လွန်သူရဲ့ဓာတ်ပုံနဲ့ ဆန်းဒါးလန်းပရိသတ်တွေကို လှောင်ပြောင်မှုအပြီး ရဲစခန်းဆီ အသက် ၁၄ နှစ်အရွယ်လူငယ်တစ်ဦး လာရောက်အဖမ်းခံ

ကွယ်လွန်သူရဲ့ဓာတ်ပုံနဲ့ ဆန်းဒါးလန်းပရိသတ်တွေကို လှောင်ပြောင်ပြီးနောက် ရဲစခန်းဆီ အသက် ၁၄ နှစ်အရွယ်လူငယ်တစ်ဦး လာရောက်အဖမ်းခံ

ကွယ်လွန်သူဘရက်ဒ်လေလိုဝါရီရဲ့ဓာတ်ပုံကို ပြသကာ ဆန်းဒါးလန်းအသင်းကို လှောင်ပြောင်ခဲ့တဲ့ အသက် ၁၄ နှစ်အရွယ်ယောက်ျားလေးတစ်ဦးက ရဲစခန်းဆီ ကိုယ်တိုင်ကိုယ်ကျ လာရောက်အဖမ်းခံခဲ့ပါတယ်။

ဆန်းဒါးလန်းပရိသတ်တစ်ဦးဖြစ်တဲ့ လိုဝါရီက ရှားပါးကလေးသူငယ်ကင်ဆာရောဂါတစ်မျိုးဖြစ်တဲ့ နျူရိုဘလက်စတိုမာ (Neuroblastoma) ကြောင့် ၂၀၁၇ ခုနှစ်၊ အသက် ၆ နှစ်အရွယ်မှာတင် ဝမ်းနည်းကြေကွဲဖွယ် ကွယ်လွန်သွားခဲ့ပါတယ်။

ပြီးခဲ့တဲ့စနေနေ့၊ ဆန်းဒါးလန်းကို ၃-၁ ဂိုးဖြင့် အနိုင်ရရှိတဲ့ ကိုဗင်ထရီရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အတွင်း ပရိသတ်တစ်ဦးက သူ့ရဲ့ဖုန်းအတွင်းရှိ လိုဝါရီရဲ့ဓါတ်ပုံကို ဖော်ပြကာ ဆန်းဒါးလန်းပရိသတ်တွေကို လှောင်ပြောင်နေတဲ့ ဗီဒီယိုမှတ်တမ်းတစ်ခု ထွက်ပေါ်လာခဲ့ပါတယ်။

နောက်တစ်ရက်အကြာမှာပဲ ကိုဗင်ထရီအသင်းက ဒီဗီဒီယိုမှတ်တမ်းကို စုံစမ်းစစ်ဆေးနေတယ်လို့ အတည်ပြုခဲ့ပါတယ်။

အခုတော့ စုံစမ်းစစ်ဆေးမှုတွေ ဆောင်ရွက်နေသလို အသက် ၁၄ နှစ်အရွယ်ယောက်ျားလေးတစ်ဦးလည်း သက်ဆိုင်ရာဆီမှာ အဖမ်းခံလိုက်ပြီလို့ West Midland ရဲတပ်ဖွဲ့မှ အတည်ပြုပြောကြားခဲ့ပါတယ်။

ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ "ကိုဗင်ထရီစီးတီးနဲ့ ဆန်းဒါးလန်းတို့ရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အတွင်း ပေါ်ပေါက်ခဲ့တဲ့ ဖြစ်ရပ်တစ်ခုကို ပြသနေတဲ့ ရုပ်သံမှတ်တမ်းတစ်ခု လူမှုကွန်ရက်ပေါ် ပျံ့နှံ့နေတယ်ဆိုတာ သတိပြုမိထားပါတယ်" လို့ ဖော်ပြထားပါတယ်။

"စေ့စပ်သေချာမှုရှိတဲ့ စုံစမ်းစစ်ဆေးမှုတစ်ခုကို စတင်ဆောင်ရွက်နေပြီး အသက် ၁၄ နှစ်အရွယ်ယောက်ျားလေးတစ်ဦးလည်း လာရောက်အဖမ်းခံခဲ့လို့ သင့်လျော်တဲ့အချိန်မှာ သူ့ကို စစ်ဆေးမေးမြန်းသွားပါမယ်"

"ဒီရုပ်သံမှတ်တမ်းကြောင့် လူမှုအသိုင်းအဝိုင်းနဲ့ ကျန်ရစ်သူမိသားစုဝင်တွေဆီမှာ ဖြစ်ပေါ်ခဲ့ရတဲ့ စိတ်ထိခိုက်မှုနဲ့ ဒေါသထွက်မှုတွေကို နားလည်ထားပြီး စုံစမ်းစစ်ဆေးမှုနဲ့ပတ်သက်တဲ့ တိုးတက်မှုအခြေအနေတွေကို သူတို့ဆီ အမြဲ အသိပေးသွားပါမယ်။ ဘောလုံးကလပ်အသင်းနှစ်ခုလုံးနဲ့လည်း နီးနီးကပ်ကပ်ပူးပေါင်းဆောင်ရွက်နေပါတယ်" လို့ ဆိုပါတယ်။