
ပီအက်စ်ဂျီရဲ့သွင်းဂိုးအတွက် လီဗာပူးစတားရဲ့လေးကွေးမှုကို ဝေဖန်လိုက်တဲ့ ရွန်းနီ
ယူနိုက်တက်ဂန္ထဝင်ဟောင်း ဝိန်းရွန်းနီက ပီအက်စ်ဂျီရဲ့သွင်းဂိုးအတွက် လီဗာပူးနောက်ခံလူ ဗန်ဒိုက်က လေးကွေးနေတယ်လို့ ဝေဖန်လိုက်ပါတယ်။ ပြီးခဲ့တဲ့အပတ်တုန်းက လီဗာပူးအသင်းဟာ ပီအက်စ်ဂျီကို အဝေးကွင်းမှာအနိုင်ယူနိုင်ခဲ့ပေမယ့် အခုဒုတိယအကျော့ အန်ဖီးလ်မှာ ၁ ဂိုးအသာနဲ့ ကန်ခဲ့ရတာဖြစ်ပါတယ်။
ဒမ်ဘီလီက ပီအက်စ်ဂျီအတွက် ချေပဂိုးကိုသွင်းယူပေးနိုင်ခဲ့ပြီး လီဗာပူးစတားတွေကြား နားလည်မှုလွဲတာကနေ ဒီရာသီ ၂၉ ဂိုးမြောက်သွင်းဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ အဲ့နောက် ပင်နယ်တီအဆုံးအဖြတ်ခံယူရာမှာ ဒွန်နာရမ်မာရဲ့လက်စွမ်းကြောင့် လီဗာပူးအသင်းက အရေးနိမ့်ခဲ့ပါတယ်။ ယူနိုက်တက်စတားဟောင်း ရွန်းနီက ဒမ်ဘီလီရဲ့ချေပဂိုးမှာ ဗန်ဒိုက်တစ်ယောက် လေးကွေးနေတယ်လို့ ထောက်ပြခဲ့ပါတယ်။
“ချေပဂိုးကိုကြည့်မယ်ဆိုရင် လီဗာပူးအသင်းမှာ မှားနေတဲ့အရာတွေကို မြင်ရပါတယ်။ သူတို့က ဘောလုံးကို ဖိအားပေးရယူဖို့ ကြိုးစားနေသလို ဗန်ဒိုက်က နှေးကွေးနေပါတယ်။တကယ်လို့ ဗန်ဒိုက်ကို စောင့်ကြည့်မယ်ဆိုရင် လမ်းလျှောက်နေပြီး သူက ဒမ်ဘီလီအတွက် နေရာလွတ်အကြီးကြီးချန်ထားသလိုဖြစ်နေပါတယ်။
ဒမ်ဘီလီကိုသာ သူဖြတ်တောက်ထားနိုင်မယ်ဆိုရင် ဘာပေးပို့မှုမှ ထွက်လာမှာမဟုတ်ပါဘူး။ အခုတော့ ဒမ်ဘီလီက နေရာလွတ်အကြီးကြီးရခဲ့ပြီး ဂိုးရခဲ့တာပါ။ ကိုနာတေးနဲ့လည်း အချိတ်အဆက်မမိခဲ့တာကြောင့်လည်း ပါပါတယ်”လို့ ရွန်းနီက ပြောကြားခဲ့ပါတယ်။ လီဗာပူးစတားဟောင်း စတာရစ်ချ်ကလည်း ဒမ်ဘီလီရဲ့ခြေစွမ်းကို ချီးကျူးခဲ့ပြီး လီဗာပူးစတားတွေကြားမှာ နားလည်မှုပြတ်လပ်ခဲ့တယ်လို့ ထောက်ပြခဲ့ပါတယ်။
“အဲ့ဂိုးက ကြားထဲမှာ ချိတ်ဆက်မှုပြတ်လပ်ခဲ့တာပါ။ ဗန်ဒိုက် ၊ ဆိုဘိုဆလိုင်း နဲ့ ကိုနာတေးတို့အကြောင်း ပြောနေကြပါတယ်။ ဒမ်ဘီလီခြေစွမ်းက အကောင်းဆုံးအနေအထားရှိခဲ့ပြီး သူက ရလာတဲ့အခိုက်အတန့်ကို အကောင်းဆုံးအသုံးချနိုင်ခဲ့ပါတယ်။ လီဗာပူးအတွက်တော့ အခုဂိုးက စိတ်ပျက်စရာဖြစ်နေမှာပါ”လို့ စတာရစ်ချ်က ပြောကြားခဲ့ပါတယ်။