အာဆင်နယ်ကို ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်အတွင်း လီဗာပူးအတွက် ပင်နယ်တီအခွင့်အရေးငြင်းပယ်မှုအပေါ် ဗန်ဒိုက် ပြင်းပြင်းထန်ထန်ဝေဖန်
အာဆင်နယ်ကို ၀-၁ ဂိုးဖြင့် အရေးနိမ့်ခဲ့တဲ့ တနင်္ဂနွေနေ့ပရီးမီးယားလိဂ်ပွဲစဉ်မှာ သူတို့အသင်းအတွက် ရှင်းလင်းပြတ်သားလွန်းလှတဲ့ ပင်နယ်တီအခွင့်အရေးတစ်ခု ငြင်းပယ်ခံလိုက်ရတယ်လို့ လီဗာပူးကပ္ပတိန်ဗန်ဒိုက် ယုံကြည်နေပါတယ်။
အာတီတာရဲ့လက်ရှိချန်ပီယံအသင်းက ကိုင်ဟားဗက်ဇ်ရဲ့ပွဲချိန်အစောပိုင်းသွင်းဂိုးနဲ့အတူ အန်ဖီးလ်မှာ နောက်ဆုံး ၁၄ နှစ်တာကာလအတွင်း ပထမဆုံးပရီးမီးယားလိဂ်နိုင်ပွဲကို ရယူခဲ့ပါတယ်။
ဦးဆောင်ဂိုးပေးလိုက်ရပြီးနောက် လီဗာပူးက လက်ကျန်ပွဲချိန်တလျှောက်လုံး တိုက်စစ်မြှင့်ကစားခဲ့ပေမဲ့ မာကျောတောင့်တင်းလှတဲ့ အာဆင်နယ်ရဲ့ခံစစ်တန်းကို မကျော်ဖြတ်နိုင်ဘဲ ပရီးမီးယားလိဂ်အိမ်ကွင်းရှုံးပွဲနဲ့ ရင်ဆိုင်လိုက်ရပါတယ်။
ဒါပေမဲ့လည်း ပွဲချိန်အတွင်းအခြေအနေတွေက အခြားတဖက်ဆီ အသွင်ပြောင်းသွားဖို့ နီးစပ်ခဲ့ပြန်ပါတယ်။ ဖြတ်တင်ဘောမှတဆင့် အီဆက်ခေါင်းတိုက်ဂိုးသွင်းယူဖို့ကြိုးပမ်းချိန် တင်ဘာ နောက်မှဆွဲထားခဲ့တဲ့ ဖြစ်ရပ်မှာ အိမ်ရှင်လီဗာပူးအတွက် ပယ်နယ်တီအခွင့်အလမ်းတစ်ခုကို ငြင်းဆန်ပယ်ချခဲ့ပါတယ်။
ပွဲစဉ်အပြီး Sky Sports နဲ့တွေ့ဆုံချိန် အသက် ၃၅ နှစ်အရွယ်ဗန်ဒိုက်ကိုယ်တိုင်လည်း ဒီဖြစ်ရပ်အပေါ် ပင်နယ်တီမသတ်မှတ်ပေးခဲ့မှုကို မယုံကြည်နိုင်လောက်အောင် အံ့အားသင့်နေခဲ့ပါတယ်။
သူက "စိတ်ပျက်မိပါတယ်။ ကျွန်တော်တို့ အိမ်ကွင်းမှာ ကစားခဲ့တယ်၊ အခွင့်အရေးတချို့ ရခဲ့တယ်၊ အရာအားလုံးအတွက် ကျွန်တော်တို့ အစွမ်းကုန် ကြိုးစားခဲ့ကြပါတယ်" လို့ ပြောပါတယ်။
"ပြိုင်ဘက်ဂိုးဧရိယာဆီ ဘောလုံးတွေ ပိုရောက်လာအောင် နောက်ဆုံး ၁၅ မိနစ်မှာ ကျွန်တော်တို့ ဒီထက် နည်းနည်းပိုကောင်းအောင် လုပ်နိုင်ခဲ့သင့်ပါတယ်။ ဒီနေ့မှာ ဒါက မလုံလောက်ခဲ့လို့ ကျွန်တော့်အတွက် စိတ်ပျက်တဲ့ခံစားချက်မျိုး ပေါ်ပေါက်လာပါတယ်"
"ဂိုးပေးလိုက်ရပြီးတဲ့နောက် ကျွန်တော်တို့ အများကြီး ပိုကောင်းအောင် ကစားနိုင်ခဲ့ပါတယ်" လို့ ဆက်ပြောခဲ့ပါတယ်။
ပင်နယ်တီခွင့်ပြုပေးဖို့ ငြင်းဆန်ခဲ့တဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး ဗန်ဒိုက်က "ဒါ ရှင်းလင်းပြတ်သားလှတဲ့ ပယ်နယ်တီတစ်ခုလို့ပဲ ကျွန်တော်ထင်ပါတယ်။ ဒီဖြစ်ရပ်ကို ကျွန်တော်ပြန်ကြည့်ခဲ့ပြီးပါပြီ။ အခြားပွဲစဉ်တွေမှာဆို ပင်နယ်တီပေးနေကျ ဖြစ်ရပ်မျိုးပါ။ ဒီနေ့တော့ ကျွန်တော်တို့ဘက်မှာ ကံမပါခဲ့ပါဘူး" လို့ ပြောပါတယ်။
အီဆက်ကိုယ်တိုင်လည်း အခုထက်ပိုပြီး ပြင်းပြင်းထန်ထန်တုံ့ပြန်ဖို့ လိုအပ်ခဲ့သလားဆိုတဲ့ မေးခွန်းကို ဗန်ဒိုက်က "ကင်မရာအလုံး ၅၀ လောက် ရှိနေတာပါ။ ကင်မရာတွေ အများကြီးရှိနေချိန် သူက ဘာကြောင့် မကျေမနပ် လိုက်ပြောနေရဦးမှာလဲ။ ဒါကို လူတိုင်း မြင်တွေ့ခဲ့ကြတာပဲလေ။ နောက်ဆုံးမှာတော့ ပင်နယ်တီမရသလို ကံမကောင်းစွာနဲ့ဘဲ ကျွန်တော်တို့ ရှုံးနိမ့်ခဲ့ပါတယ်။ ဒါကြောင့် အာဆင်နယ်ကို ကောင်းကောင်းလုပ်ပြနိုင်ခဲ့တယ်လို့ပဲ ပြောရပါမယ်" လို့ ဖြေကြားခဲ့ပါတယ်။
အသင်းရဲ့အရှိန်အဟုန်နဲ့ပတ်သက်ပြီးတော့လည်း လီဗာပူးကပ္ပတိန်က "လူသစ်တစ်ဦး ရောက်လာပြီး အရာအားလုံးပြောင်းလဲသွားတဲ့အခါ အချိန်ယူဖို့ လိုအပ်ပါတယ်။ အရာအားလုံး အဆင်ပြေချောမွေ့သွားပြီး အလုပ်ဖြစ်လာလိမ့်မယ်ဆိုတာ ကျွန်တော် အပြည့်အဝ ယုံကြည်ပါတယ်" လို့ ဆိုပါတယ်။