မန်စီးတီးကို အရေးနိမ့်ခဲ့တဲ့ ပွဲစဉ်အတွင်း ဂရာဗန်ဘတ်ချ်အတွက် အနီကတ်ပြစ်ဒဏ်ချမှတ်မှုကို ဝေဖန်လိုက်တဲ့ အီရာအိုလာ
မန်စီးတီးကို ၀-၃ ဂိုးဖြင့် ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာ ဂရာဗန်ဘတ်ချ်ကို နှစ်ဝါတစ်နီဖြင့် ထုတ်ပယ်ခဲ့တဲ့ ကွင်းလယ်ဒိုင်ရဲ့ဆုံးဖြတ်ချက်အပေါ် လီဗာပူးနည်းပြအီရာအိုလာက ဝေဖန်ခဲ့သလို ဒီကွင်းလယ်လူရဲ့ ပထမအဝါကတ်ပြစ်ဒဏ်ဆိုတာလည်း ဘယ်လိုမှမဖြစ်နိုင်တဲ့အရာပဲလို့ အခိုင်အမာပြောကြားခဲ့ပါတယ်။
တစ်ဖက်နဲ့တစ်ဖက် ဂိုးမရှိသရေကျနေချိန် ဂရာဗန်ဘတ်ချ်ရဲ့နှစ်ဝါတစ်နီပြစ်ဒဏ်အပြီး လီဗာပူးအတွက် ကွင်းတွင်းကစားသမား ၁၀ ဦးတည်းသာ ကျန်ရှိတော့လို့ အီရာအိုလာ အထူးပေါက်ကွဲနေခဲ့ပါတယ်။
သူက "ဂရာဗန်ဘတ်ချ်ရဲ့ပထမအကြိမ်ပြစ်ဒဏ်ဘောက ဘယ်လိုမှ အဝါကတ်မဖြစ်သင့်ဘူးလို့ ထင်ပါတယ်။ ဘယ်လိုမှမဖြစ်သင့်တာပါ" လို့ ပြောပါတယ်။
"ဒိုင်လူကြီးဆိုရင် ပြစ်ဒဏ်ဘောတောင် ချက်ချင်းမပေးခဲ့ပါဘူး။ သူက ပွဲဆက်ကစားဖို့ ခွင့်ပြုပေးခဲ့ပြီး အန်ဒါဆန်ဆိုရင် ခြေနှစ်လှမ်းလောက်ဆက်လှမ်းပြီးမှ လဲကျဖို့ ဆုံးဖြတ်ခဲ့တာပါ"
"အဲဒီနောက်မှ သူ ဘာကြောင့် အဝါကတ်ပြသတာလဲတော့ ကျွန်တော် မသိပါဘူး။ ဘာကြောင့်လဲဆိုတော့ ဒါက အသာစီးရသွားတဲ့ အခြေအနေမျိုး မဟုတ်လို့ပါပဲ။ ကျွန်တော်တို့ရဲ့ကစားသမားကိုးဦးလုံး ဘောလုံးရဲ့နောက်မှာ ရှိနေပြီးသားပါ"
"ဒီဖြစ်ရပ်က ကွင်းလယ်မှာ ဖြစ်ပွားခဲ့ပြီး ဘာအန္တရာယ်မှ မရှိနေပါဘူး။ အဲ့ဒီနောက် ဒိုင်လူကြီးတစ်ဦးအဖြစ် ကိုယ့်ကိုယ်ကိုယ် ပြဿနာတွေဆီ တွန်းပို့လိုက်သလို ကျွန်တော်တို့ကိုလည်း ပြဿနာတွေဆီ ဆွဲခေါ်လိုက်တာပါပဲ"
ဒါ့အပြင် အီရာအိုလာက ပြိုင်ဘက်ကို အဝါကတ်ပြသဖို့ ခြေဟန်လက်ဟန်ဖြင့် တောင်းဆိုခဲ့တဲ့ အရူဂျိုအတွက် အဝါကတ်ပြစ်ဒဏ်ချမှတ်ခံရမှုကိုလည်း စိတ်ပျက်နေခဲ့ပါတယ်။
အီရာအိုလာက "သူ အဲဒီလို လုပ်တတ်တယ်ဆိုတာ ကျွန်တော် သိပါတယ်။ ဒါပေမဲ့ အခုလိုပွဲစဉ်မျိုးမှာ ပွဲစစချင်းပဲ ချက်ချင်းဆိုသလို ညာနောက်ခံလူကို အဝါကတ်ပြသလိုက်တာမျိုး ဖြစ်သွားပါတယ်"
"စည်းမျဉ်းစာအုပ်ထဲမှာတော့ ဒါက အပြည့်အစုံ မှန်ကန်ပါတယ်။ သူ ကန့်ကွက်ပြောဆိုလို့ ခင်ဗျား အဝါကတ် ပြသနိုင်ပါတယ်။"
"ဒါပေမဲ့ အခုဘောလုံးရာသီတစ်လျှောက်လုံးကို ကျွန်တော် သေချာစောင့်ကြည့်သွားပါမယ်။ တစ်စုံတစ်ယောက်ကန့်ကွက်ပြောဆိုတိုင်း အဝါကတ် ပြသရပါမယ်" လို့ သူက ပြောပါတယ်။
ဒီရှုံးပွဲမှာ နိုင်ငံ့လက်ရွေးစင်တာဝန်ထမ်းဆောင်ရင်း ကြံ့ခိုင်မှုပိုင်းပြဿနာကြုံခဲ့တဲ့ ဆိုဘိုဆလိုင်းကို လီဗာပူးတို့ လက်လွှတ်ထားခဲ့ရပါတယ်။
"ဆိုဘော့ဆလိုင်းက ကြွက်သားတင်းမာမှု၊ ပင်ပန်းနွမ်းနယ်မှုတွေနဲ့အတူ လက်ရွေးစင် အသင်းမှ ပြန်ရောက်လာခဲ့ပါတယ်" လို့ အီရာအိုလာက ပြောပါတယ်။
"သူ့ကိုအကာအကွယ်ပေးဖို့ ကြိုးစားမှုအဖြစ် လေ့ကျင့်ရေးတွေမှာ ပုံမှန်မဟုတ်ဘဲ အပေါ့စားလောက်ပဲ လေ့ကျင့်စေပေမဲ့ သူ့ဆီမှာ အနည်းငယ်နာကျင်နေမှုကို တွေ့ခဲ့ရပါတယ်"
"အခုဆိုရင် ကျွန်တော်တို့က ၁၀ ရက်အတွင်း လေးပွဲကစားရဖို့ ရှိနေလို့ ခက်ခဲပါလိမ့်မယ်။ နှစ်ရက်အတွင်း သြစတြီးယားဆီ လေယာဉ်စီးသွားရဖို့ရှိနေလို့ ကစားသမားတွေ ကြံ့ခိုင်မှု ပြန်လည်ပြည့်ဝလာဖို့ဆိုတာ ခက်ခဲပါလိမ့်မယ်" လို့ ဆိုပါတယ်။