The network connection is lost.

Banner Image

ယူနိုက်တက်ပစ်မှတ် ဖိုဖာနာကို ဈေးနှုန်း ၂ ဆတင်လိုက်တဲ့ မိုနာကို

မိုနာကိုဟာ အသင်းရဲ့ကွင်းလယ်လူ ယူဆော့ဖ်ဖိုဖာနာကို ပြောင်းရွှေ့ကြေး ယူရို ၃၅ သန်းရရှိမှသာ ရောင်းချနိုင်မယ့်အကြောင်း မန်ချက်စတာယူနိုက်တက်ထံ အသိပေးခဲ့တယ်လို့ အီတလီသတင်းတွေက ဖော်ပြလာခဲ့ပါတယ်။

ဘိုလော့ဂ်နာတိုက်စစ်မှူး ဂျိုရှူးဝါးဇာကီနဲ့ လိုင်လီနောက်ခံလူ လန်နီယိုရိုတို့ကို ခေါ်ယူထားနိုင်ခဲ့ပြီးဖြစ်တဲ့ ယူနိုက်တက်ဟာ ယခုအခါမှာ ကွင်းလယ်လူတစ်ယောက်ကို ထပ်မံခေါ်ယူနိုင်ဖို့ ကြိုးစားနေပြီး ဖိုဖာနာကို ပစ်မှတ်ထားလာခဲ့တာဖြစ်ပါတယ်။

ယူနိုက်တက်ဟာ ပီအက်စ်ဂျီကွင်းလယ်လူ မန်နူရယ်ယူဂါတီကိုခေါ်ယူဖို့ ကာလရှည်ချိတ်ဆက်နေပေမယ့် ပြင်သစ်ချန်ပီယံတွေက ဥရုဂွေးလက်ရွေးစင် ကစားသမားအတွက် ပြောင်းရွှေ့ကြေးယူရို သန်း ၇၀ အထိ သတ်မှတ်ထားတာကြောင့် ဆွေးနွေးမှုတွေ ဆက်လက်ပြုလုပ်နေရဆဲဖြစ်ပါတယ်။ ဖိုဖာနာကို အီတလီကလပ် အေစီမီလန်ကလည်း ပစ်မှတ်ထားနေတာကြောင့် ယူနိုက်တက်အနေနဲ့ ခေါ်ယူနိုင်ဖို့ ခက်ခက်ခဲခဲကြိုးစားသွားရနိုင်ပေမယ့် ပစ်မှတ်စာရင်းထဲမှာတော့ ထည့်သွင်းထားဆဲဖြစ်ပါတယ်။

အီတလီအခြေစိုက် Sky Sport ရဲ့အဆိုအရ မိုနာကိုဟာ ကနဦးက ဖိုဖာနာရဲ့ပြောင်းရွှေ့ကြေးကို ယူရို ၁၈ သန်းသာသတ်မှတ်ထားခဲ့တယ်လို့သိရပါတယ်။ ဒါကြောင့် အေစီမီလန်ကလည်း ကွင်းလယ်လူကို ယူရို ၁၂ သန်း+အပိုဆုကြေးနဲ့ ခေါ်ယူနိုင်ဖို့ လုံလောက်မယ်လို့ ယူဆထားခဲ့တာဖြစ်ပါတယ်။ သို့သော်လည်း ယူနိုက်တက်ထံမှ ချိတ်ဆက်မှုတွေ ရရှိလာပြီးနောက်မှာတော့ မိုနာကိုက ဖိုဖာနာရဲ့တန်ဖိုးကို ၂ ဆမြှင့်တင်ခဲ့ပြီး ယူရို ၃၅ သန်းအထိ တောင်းဆိုလာခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ယူရို ၂၀၂၄ ပြိုင်ပွဲမှာ ပြင်သစ်လက်ရွေးစင်အသင်းအတွက် လူစားဝင်ကစားသမားအဖြစ် ၃ ပွဲ ပါဝင်ကစားခဲ့တဲ့ ဖိုဖာနာဟာ မိုနာကိုနဲ့ စာချုပ်သက်တမ်း ၁ နှစ်သာ ကျန်ရှိတော့တာဖြစ်ပါတယ်။ ယခုနွေရာသီအတွင်းမှာ အေစီမီလန်ဟာ ဇာကီကို ခေါ်ယူဖို့ ကြိုးစားခဲ့ပေမယ့် ယူနိုက်တက်ရဲ့ လက်ဦးမှုကြောင့် ဆုံးရှုံးခဲ့ရပြီး ယခုအခါမှာလည်း ဖိုဖာနာကို ထပ်မံဆုံးရှုံးသွားဦးမလား စောင့်ကြည့်ရပါမယ်။

မကြာသေးမီက အေစီမီလန်ဟာ အက်သလက်တီကိုမက်ဒရစ်တိုက်စစ်မှူး အယ်လ်ဗာရိုမိုရာတာကို ပေါင် ၁၁ သန်းနဲ့ အပြီးသတ်ခေါ်ယူခဲ့ပြီးဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ ယူနိုက်တက်ဟာ ဘိုင်ယန်မြူးနစ်နောက်ခံလူ ဒီလစ်ကို ခေါ်ယူဖို့ ကြိုးစားနေပေမယ့် ဂျာမန်ကလပ်က အသက်-၂၄ နှစ်အရွယ် ကစားသမားအတွက် ပြောင်းရွှေ့ကြေး ယူရိုသန်း ၅၀ အထိသတ်မှတ်ထားတာကြောင့် ညှိနှိုင်းမှုတွေပြုလုပ်နေရဆဲဖြစ်ပါတယ်။