ဒူးအရွတ်ဒဏ်ရာကြောင့် အချိန်အတော်ကြာ အနားယူရတော့မယ့် ယူနိုက်တက်ကွင်းလယ်လူ မန်နူရယ်ယူဂါတီ
မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကွင်းလယ်ကစားသမား မန်နူရယ်ယူဂါတီဟာ ဒူးအရွတ်ဒဏ်ရာကြောင့် အချိန်အတော်ကြာ အနားယူရဖို့ ရှိနေတယ်လို့ သတင်းတွေအရ သိရပါတယ်။ အသက် ၂၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ယူဂါတီဟာ ပြီးခဲ့တဲ့ သောကြာနေ့ (ဇွန်လ ၂၆ ရက်) က စပိန်အသင်းနဲ့ ကစားခဲ့တဲ့ ဥရုဂွေးအသင်းရဲ့ ကမ္ဘာ့ဖလား အုပ်စု (H) ပွဲစဉ်မှာ ဒဏ်ရာရရှိခဲ့တာဖြစ်ပြီး ထမ်းစင်နဲ့ သယ်ထုတ်သွားခဲ့ရတာပါ။ အဆိုပါပွဲစဉ်မှာ ဥရုဂွေးအသင်းက စပိန်ကို ၁ ဂိုး - ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။
လူဝစ်ဒီလာဖွန်တေးရဲ့ စပိန်အသင်း ဦးဆောင်ဂိုး မသွင်းယူနိုင်ခင်လေးမှာပဲ ယူဂါတီဟာ စပိန်ကွင်းလယ်လူ ပတ်ဒရီဆီကနေ ဘောလုံးလုယူဖို့ ကြိုးစားရင်း မြေပြင်ပေါ်ကို အကျမတော် ဖြစ်ခဲ့တာပါ။ အခုအခါမှာတော့ The Athletic သတင်းဌာနရဲ့ ဖော်ပြချက်အရ ယူဂါတီဟာ ဒူးအရွတ်ဒဏ်ရာကြောင့် အချိန်အတော်ကြာ အနားယူရတော့မှာဖြစ်ပေမဲ့ ဒဏ်ရာကြောင့် ဘယ်လောက်အထိ အနားယူရမယ်ဆိုတဲ့ အချိန်အတိုင်းအတာကိုတော့ အတိအကျ မသိရသေးပါဘူး။
ဒီနွေရာသီမှာ ယူနိုက်တက်အသင်းကနေ ထွက်ခွာတော့မယ်လို့ သတင်းကြီးနေတဲ့ အဆိုပါကွင်းလယ်လူဟာ သူ့ရဲ့ဒဏ်ရာ ဘယ်လောက်အထိ ပြင်းထန်သလဲဆိုတာကို သိရှိနိုင်ဖို့အတွက် ဆေးစစ်မှုတွေ ဆက်လက်ပြုလုပ်နေပါတယ်။