လီဗာပူးကို ပင်နယ်တီအဆုံးအဖြတ်ဖြင့် ရှုံးနိမ့်ခဲ့မှုအပေါ် စိတ်ပျက်လက်ပျက်ဖြစ်နေတဲ့ ရိုဂျာစ်
လီဗာပူးကို ပင်နယ်တီအဆုံးအဖြတ်ဖြင့် ရှုံးနိမ့်ခဲ့တဲ့ ဗုဒ္ဓဟူးနေ့၊ ကာရာဘောင်းဖလားပွဲစဉ် ရလဒ်ပိုင်းနဲ့ပတ်သက်လို့ ချဲလ်ဆီးတိုက်စစ်ကစားသမား မော်ဂန်ရိုဂျာစ် မကျေမနပ် ဖြစ်နေခဲ့ပါတယ်။
အသက် ၂၄ နှစ်အရွယ်ကစားသမားက ပွဲချိန်မိနစ် ၄၀ မှာ ပင်နယ်တီမှတစ်ဆင့် ချဲလ်ဆီးအတွက် ဦးဆောင်ဂိုး သွင်းယူပေးခဲ့ပြီး ၂၀၂၆-၂၀၂၇ ဘောလုံးရာသီအတွက် သူ့ရဲ့ ပဉ္စမမြောက်သွင်းဂိုးလည်း ဖြစ်လာခဲ့ပါတယ်။
ဒါပေမဲ့လည်း မိနစ်အနည်းငယ်အကြာမှာပဲ ဝီစလေဖိုဖာနာရဲ့လက်ထိဘောကြောင့် ပြိုင်ဘက်ဆီ ပင်နယ်တီပေးလိုက်ရပြီး ဂတ်ပိုရဲ့ချေပဂိုး ထွက်ပေါ်လာလို့ ရိုဂျာစ်ရဲ့အစောပိုင်းကြိုးပမ်းမှု အရာမထင် ဖြစ်သွားခဲ့ပါတယ်။
အနိုင်အရှုံးအဖြေမပေါ်ခဲ့တဲ့ သာမန်ပွဲကစားချိန်အပြီး ပင်နယ်တီအဆုံးအဖြတ်ခံယူချိန်မှာလည်း ဖိုဖာနာရဲ့ပင်နယ်တီလွဲချော်မှုနဲ့အတူ လီဗာပူးတို့အနိုင်ရရှိကာ ဘုန်းမောက်နဲ့ရင်ဆိုင်ရမယ့် နောက်တစ်ဆင့် တက်လှမ်းသွားပါတယ်။
ပွဲစဉ်အပြီး ITV Sports နဲ့တွေ့ဆုံချိန် ရိုဂျာစ်က "ဒါက ပွဲစဉ်တစ်ခုကို ရှုံးနိမ့်ဖို့အတွက် အဆိုးရွားဆုံးနည်းလမ်း ဖြစ်နိုင်ပါတယ်" လို့ စိတ်ပျက်လက်ပျက် ပြောပါတယ်။
"ဘက်ညီပြီး အကြိတ်အနယ်ရှိတဲ့ ပွဲစဉ်တစ်ခုပါ။ တချို့အချိန်တွေမှာ ကျွန်တော်တို့ ပိုကောင်းအောင် ကစားနိုင်ခဲ့ပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ဂိုးသွင်းယူနိုင်ဖို့နီးစပ်တဲ့ အပိုင်အခွင့်အရေးအချို့ ရရှိခဲ့ပါသေးတယ်"
"ဒါက မည်သူမဆို အနိုင်ရသွားနိုင်တဲ့ အခြေအနေမျိုးတွေအနက် တစ်ခုဖြစ်လို့ ကိုယ့်ဘက်က လက်ခံပေးလိုက်ရုံပဲ ရှိပါတော့တယ်" လို့ ဆိုပါတယ်။