ကာရင်တန်ကို ပြန်လာခဲ့ပြီဖြစ်တဲ့ ယူနိုက်တက်နောက်ခံလူ
ပြီးခဲ့တဲ့တစ်ရာသီလုံးနီးပါး မြက်ခင်းပြင်နဲ့ ဝေးကွာနေတဲ့ ယူနိုက်တက်စတားတစ်ဦး ကာရင်တန်ကို ပြန်လာခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။ ပထမရာသီမှာတင် စွမ်းဆောင်ရည်ကောင်းတွေပြသနိုင်ခဲ့တဲ့ မာလာစီယာတစ်ယောက် ၂၀၂၃ - ၂၄ တစ်ရာသီလုံးနီးပါးကို အနားယူခဲ့ရပါတယ်။
အသက် ၂၄ နှစ်သားဟာ ရာသီကြိုခရီးစဉ်အပြီးမှာ ခွဲစိတ်မှုခံယူခဲ့ရသလို နိုဝင်ဘာမှာ နောက်တစ်ကြိမ်ထပ်မံခွဲစိတ်မှုခံယူခဲ့ရပါတယ်။ ဒီဇင်ဘာတုန်းမှာ မာလာစီယာတစ်ယောက် ပြန်လာနိုင်ချေရှိတယ်လို့ ယူနိုက်တက်အသင်းဘက်က ကြေညာခဲ့တာဖြစ်ပါတယ်။
မာလာစီယာဟာ ၂၀၂၂ တုန်းက ဖီယင်နုကနေ ပေါင် ၁၄.၆ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။ ဒဏ်ရာကြောင့် အနားယူခဲ့ရပြီးနောက် မာလာစီယာတစ်ယောက် ကာရင်တန်လေ့ကျင့်ရေးကွင်းဆီ ပြန်လာနိုင်ခဲ့ပြီြုဖစ်ပါတယ်။ လေ့ကျင့်ခန်းပြန်ဆင်းနိုင်ခဲ့ပေမယ့်လည်း ဆေးကုသမှုခံယူနေရဆဲဖြစ်ကာ အပြည့်အဝလေ့ကျင့်ခန်းမဆင်းနိုင်သေးတာဖြစ်ပါတယ်။
အက်သလက်တစ်သတင်းဌာနရဲ့အဆိုအရ မာလာစီယာဟာ ပြီးခဲ့တဲ့နွေရာသီတုန်းက ခွဲစိတ်မှုခံယူဖို့ကို ယူနိုက်တက်နဲ့ဆန့်ကျင်ခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။ ယူနိုက်တက်ဟာ မာလာစီယာကို လန်ဒန်မှာ ခွဲစိတ်ဖို့ပြောကြားခဲ့ပေမယ့် ကစားသမားက မိခင်မြေနယ်သာလန်မှာသာ ခွဲစိတ်မှုခံယူခဲ့တာဖြစ်ပါတယ်။
အသင်းကတော့ မာလာစီယာရဲ့ဆုံးဖြတ်ချက်ကို လေးစားခဲ့ပြီး ဆောင်းရာသီတုန်းက မာလာစီယာတစ်ယောက် ပြန်လာနိုင်ဖို့ လုပ်ဆောင်ခဲ့ပေမယ့် စစ်ဆေးချက်တွေအရ ပြန်ကစားဖို့ အဆင်မပြေတာကြောင့် ထပ်မံပြီး ခွဲစိတ်မှုခံယူခဲ့ရပါတယ်။ အခုချိန်မှာတော့ နယ်သာလန်သားဟာ လေ့ကျင့်ခန်းပြန်ဆင်းနိုင်နေပြီဖြစ်တာကြောင့် မကြာခင်မှာ ပြန်လာနိုင်ဖို့ များနေပါတယ်။
တန်ဟက်ကလည်း “မာလာစီယာအနေနဲ့ ဒီရာသီတစ်ပွဲမှပါဝင်ခွင့်မရသေးပါဘူး။ အချက်အလက်တွေအရလည်း သူလေ့ကျင့်ခန်းတောင်မဆင်းနိုင်ပါဘူး။ ကျွန်တော်တို့ သူ့ကို လုခ်ရှောအရန်အဖြစ် ခေါ်ယူခဲ့တာပါ”လို့ အင်တာဗျူးတစ်ခုမှာ ပြောကြားခဲ့ပါတယ်။