The network connection is lost.

Banner Image

ရက်ရှ်ဖို့ဒ် ရာသီကုန်အထိ နားရနိုင်တယ်လို့ အမ်မရီ အရိပ်အမြွက်ပြောကြား

အက်စတွန်ဗီလာနည်းပြ အူနိုင်းအမ်မရီက ခရစ္စတယ်ပဲလေ့စ်ကို ၃-၀ နဲ့ရှုံးနိမ့်ခဲ့တဲ့ အက်ဖ်အေဖလားဆီမီးဖိုင်နယ်ပွဲစဉ်ကို လွဲချော်ခဲ့တဲ့ တောင်ပံကစားသမား မားကပ်စ်ရက်ရှ်ဖို့ဒ်ဟာ တံကောက်ကြောဒဏ်ရာကြောင့် ရာသီကုန်အထိ အနားယူရနိုင်တယ်လို့ အရိပ်အမြွက်ပြောကြားလာခဲ့ပါတယ်။ 

ဒါ့အပြင် အမ်မရီက အသင်းကို ၃ ဂိုးအထိ ဂိုးပြတ်သွင်းခဲ့တဲ့ ခရစ္စတယ်ပဲလေ့စ်က နိုင်ပွဲနဲ့ထိုက်တန်တယ်လို့လည်း ဝန်ခံပြောကြားခဲ့ပါတယ်။ ယခုပွဲစဉ်မှာ ခရစ္စတယ်ပဲလေ့စ်အတွက်ဦးဆောင်ဂိုးကို ပွဲကစားချိန် ၃၁ မိနစ်မှာ အီဇီက စတင်သွင်းယူပေးခဲ့ပြီး ဒုတိယပိုင်းမှာ ဆားက ၂ ဂိုးထပ်မံသွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ခရစ္စတယ်ပဲလေ့စ်ဟာ ဆီမီးဖိုင်နယ်ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့ပြီး အက်စတွန်ဗီလာကတော့ ပြိုင်ပွဲကို လက်ပြနှုတ်ဆက်ခဲ့ရပါတယ်။ 

ရက်ရှ်ဖို့ဒ်နဲ့ပတ်သက်ပြီး အမ်မရီက “သူဒဏ်ရာရထားပါတယ်။ ဒီအပတ်ထဲမှာ ဒဏ်ရာရခဲ့တာဖြစ်ပြီး ကျွန်တော်တို့ စစ်ဆေးမှုတွေ ပြလုပ်ခဲ့ပါတယ်။ ကျွန်တော်တို့ အပတ်တိုင်းမှာ စစ်ဆေးမှုပြုလုပ်သွားရမှာဖြစ်ပြီး ရက်သတ္တပတ်အချို့တော့ အနားယူသွားရဖို့ရှိပါတယ်” လို့ပြောကြားခဲ့ပါတယ်။  ဆက်လက်ပြီး အမ်မရီက “ကျွန်တော်တို့ ရင့်ကျင့်လာဖို့ အတွေ့အကြုံတွေကို အသုံးချသွားရပါမယ်။ ပြီးခဲ့တဲ့နှစ်က ကျွန်တော်တို့ ဆီမီးဖိုင်နယ်အဆင့်မှာပဲ ပြုတ်ခဲ့သလို၊ ဒီနှစ်မှာလည်း အတူတူပါပဲ။ ပြီးခဲ့တဲ့ ၂ နှစ်အတွင်း အသင်းကတိုးတက်လာတာနဲ့အမျှ လိုအင်ဆန္ဒတွေလည်း များပြားလာခဲ့ပါပြီ”

“ဒါကြောင့် အသင်းအနေနဲ့ ဆုဖလားဆွတ်ခူးနိုင်ဖို့ တာဝန်ရှိလာပြီလို့ ခံစားရပါတယ်။ကျွန်တော်တို့ ဆုဖလားတွေအတွက် တိုက်ပွဲဝင်သွားရမှာဖြစ်ပြီး ပရီးမီးယားလိဂ်ကလည်း ကျွန်တော်တို့ရဲ့ ပန်းတိုင်ထဲမှာ ပါဝင်ပါတယ်” လို့ပြောကြားခဲ့ပါတယ်။