
တော့တင်ဟမ်နဲ့ပွဲမတိုင်ခင် အသင်းစတားဒဏ်ရာအခြေအနေကို ထုတ်ဖော်ပြောကြားလာတဲ့ ဗီလာ
အင်္ဂလန်အသင်းနဲ့အတူ ဒဏ်ရာရရှိခဲ့တဲ့ တိုက်စစ်မှူး ဝက်တ်ကင်းစ်ရဲ့အခြေအနေကို ဗီလာနည်းပြ အမ်မရီက ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
နိုင်ငံတကာရက်သတ္တပတ်အပြီးမှာ တော့တင်ဟမ်ဟာ ဗီလာအသင်းနဲ့ကစားရမှာဖြစ်ပြီး ရာသီအစရုန်းကန်ခဲ့ရပြီးနောက် စွမ်းဆောင်ရည်ကောင်းပြသနိုင်ဖို့ မျှော်လင့်နေပါတယ်။ ဒါပေမယ့်လည်း အင်္ဂလန်အသင်းအတွက်ကစားပေးရင်းဒဏ်ရာရခဲ့တဲ့ ဝက်တ်ကင်းစ်ကတော့ အခုလာမယ့်တနင်္ဂနွေနေ့ပွဲကို လွဲချော်နိုင်ချေများနေပါတယ်။
အသက် ၂၉ နှစ်သားဟာ ဝင်ဘာလေမှာ ဝေးလ်အသင်းကို ၃-၀ နဲ့အနိုင်ရခဲ့တဲ့ပွဲအတွင်း ဒုတိယမြောက်ဂိုးကိုသွင်းယူနိုင်ခဲ့ပေမယ့် ဂိုးတိုင်နဲ့ထိခိုက်မိခဲ့တာကြောင့် ပထမပိုင်းအပြီးမှာ လူစားလဲခံခဲ့ရပါတယ်။ အဲ့နောက် လက်ဗီးယားနဲ့ပွဲမတိုင်ခင် အင်္ဂလန်အသင်းလူစာရင်းကနေနုတ်ထွက်ခဲ့ကာ တော့တင်ဟမ်နဲ့ပွဲကို ပါဝင်နိုင်ချေနည်းပါးနေပါတယ်။
ဒါပေမယ့် သောကြာနေ့က သတင်းစာရှင်းပွဲမှာ အမ်မရီက ဝက်တ်ကင်းစ်အခြေအနေနဲ့ပတ်သက်ပြီး “မနက်ဖြန်မှာ ကျွန်တော်တို့ နောက်တစ်ကြိမ်လေ့ကျင့်ခန်းဆင်းဦးမှာပါ။ သာမန်အားဖြင့်ဆိုရင် သူတနင်္ဂနွေနေ့ပွဲအတွက် အဆင်သင့်ဖြစ်လောက်ပါတယ်။
ဘွမ်ဒီယာကော သူကော သာမန်အတိုင်းတစ်ပတ်လုံးလေ့ကျင့်ခန်းဆင်းခဲ့ပါတယ်။ တကယ်လို့ မနက်ဖြန်မှာ အဲ့အတိုင်းဆက်လေ့ကျင့်နိုင်မယ်ဆိုရင် တနင်္ဂနွေနေ့ပွဲမှာ ပါဝင်လာနိုင်ပါတယ်။
တိုင်ရွန်လည်း ပိုကောင်းလာနေပါတယ်။ သူအခုအပတ်မှာ တစ်ဦးတည်းလေ့ကျင့်ခန်းဆင်းခဲ့ပါတယ်။ မနက်ဖြန်မှာ ဘယ်လိုအခြေအနေရှိမလဲဆိုတာ ဆက်လက်စောင့်ကြည့်ရပါမယ်။
မနက်ဖြန်အခြေအနေကိုစောင့်ကြည့်ပြီး သူ့ကိုရွေးချယ်ရမလားဆိုတာ ဆုံးဖြတ်ပါမယ်”လို့ အမ်မရီက ပြောကြားခဲ့ပါတယ်။
ဝက်တ်ကင်းစ်ဟာ ရာသီအစစွမ်းဆောင်ရည်ကျဆင်းနေပြီး ပြိုင်ပွဲစုံ ၁၀ ပွဲမှာ ၁ ဂိုးသာသွင်းယူထားနိုင်ခဲ့သလို ဗီလာအသင်းကလည်း အဆင့် ၁၃ နေရာမှာ ရပ်တည်နေပါတယ်။
တော့တင်ဟမ်နဲ့ပတ်သက်ပြီး အမ်ရီက “ပရီးမီးယားလိဂ်မှာ ပွဲတိုင်းကခက်ခဲပါတယ်။ တော့တင်ဟမ်က ထိပ်ဆုံး ၇ သင်းထဲက ၁ သင်းပါ။ ဒီနှစ်မှာ သူတို့ကစားတာကောင်းလာသလို ရလဒ်တွေလည်း တိုးတက်လာပါတယ်။
ကျွန်တော်တို့အတွက်တော့ ကြီးမားတဲ့စိန်ခေါ်မှုပါ။ သူတို့ကိုဘယ်လိုရင်ဆိုင်မလဲဆိုတာ ပြင်ဆင်ရပါမယ်။ အသင်းအနေနဲ့ကော တစ်ဦးချင်းပါ စိန်ခေါ်မှုရှိလာနိုင်ပါတယ်။ သူတို့လူအင်အားဖြည့်တင်းထားနိုင်သလို နည်းပြကလည်း အကောင်းဆုံးလုပ်ဆောင်နေပါတယ်။
ဘရန့်ဖို့ဒ်မှာကတည်းက သူအကောင်းဆုံးစွမ်းဆောင်ပြထားတာပါ။ သူက အခုထက်ပိုပြီး ထိုက်တန်ပါတယ်”လို့ ဖြေကြားခဲ့ပါတယ်။