
ဘင်ဝိုက်အား ထပ်မံရွေးချယ်ခြင်းမရှိတဲ့ အကြောင်းအရင်းကိုရှင်းပြလိုက်တဲ့ သောမက်စ် တူချယ်လ်
ဘင်ဝိုက်ဟာ ၂၀၂၂ ကမ္ဘာ့ဖလား ပြိုင်ပွဲအတွင်း ကာတာရှိ အင်္ဂလန်အသင်းရဲစခန်းမှ ထွက်ခွာခဲ့ပြီးနောက်ပိုင်းမှ စ၍ လက်ရွေးစင်အသင်းအတွက် ပြန်လည်ကစားခြင်း မရှိတော့တာဖြစ်ပါတယ်။ မန်နေဂျာ ဂါရက် ဆောက်ဂိတ်ကလည်း သူ့ကို ပြန်လည်ခေါ်ယူရန် မေးမြန်းသောအခါ ဘင်ဝိုက်က လက်ရွေးစင်ဖြစ်လိုကြောင်း ပြောကြားထားတယ်လို့ ပြောခဲ့ပါတယ်။
အာဆင်နယ်အသင်းတွင် စွမ်းဆောင်ရည်ကောင်းပြသနေသော်လည်း ဘင်ဝိုက်ဟာ နိုင်ငံတကာအဆင့်တွင် ရပ်နားနေမှုအတွက် အကြောင်းအရင်းများအပေါ် ငြူငြူညံညံများစွာ ထွက်ပေါ်လာခဲ့ပါတယ်။ ယခင်အချိန်က လက်ထောက်နည်းပြဖြစ်သူ ဟော်လန်းနှင့် အငြင်းပွားမှု ရှိခဲ့တယ်ဆိုတဲ့ သတင်းများကိုလည်း ဆောက်ဂိတ်က ငြင်းဆိုခဲ့ပါတယ်။
မကြာသေးမီက ဘင်ဝိုက်ဟာ အသင်းအတွက် ပြန်လာရန် "အဆင်သင့်ဖြစ်နေပြီ" ဟု ကြေညာခဲ့ပြီး မန်နေဂျာအသစ် ဖြစ်သူ သောမက်စ် တူချယ်လ် အောက်တွင် ပြန်လည်ပါဝင်ရန် အဆင်သင့်ဖြစ်ကြောင်း ဖော်ပြခဲ့ပါတယ်။ သို့သော် ၂၇ နှစ်အရွယ် ဘင်ဝိုက်ဟာ သောကြာနေ့က ကြေညာခဲ့သော အသင်းစာရင်းအသစ်တွင် မပါဝင်ခဲ့ပါဘူး။ ထိုကြေညာချက်ဟာ ပရီးမီးယားလိဂ် ပြိုင်ပွဲနောက်ဆုံးအပတ် မတိုင်မီ ကြေညာခြင်းဖြစ်ပါတယ်။
အင်္ဂလန်အသင်းဟာ ဇွန်လ ၇ ရက်တွင် အန်ဒိုရာနှင့် ကမ္ဘာ့ဖလား ခြေစစ်ပွဲ ကစားမှာဖြစ်ပြီး၊ ဇွန် ၁၀ ရက်တွင် နော့တင်ဟမ်ဖော်ရက်ရဲ့ စီးတီးဂရောင်၌ ဆင်နီဂေါနှင့် ကစားမှာဖြစ်ပါတယ်။ အဆိုပါ အသင်းစာရင်းတွင် ဘင်ဝိုက် မပါဝင်ခြင်းနဲ့ ပတ်သက်ပြီး တူချယ်လ်က အကြောင်းရင်းကို ရှင်းပြခဲ့ပါတယ်။ အကြောင်းအရင်းကတော့ ကိုယ်ရေးကိုယ်တာအခြေအနေများနှင့် ကြံ့ခိုင်မှုအခြေအနေတို့ကြောင့် ဖြစ်တယ်လို့ ပြောထားပါတယ်။
"အာဆင်နယ်အတွက် မကြာသေးမီက ပွဲတွေမှာ ပါဝင်ခဲ့ပေမယ့် ကျွန်တော်တို့ စကားပြောပြီးနောက် ဒီအချိန်ဟာ မသင့်တော်ဘူးလို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ သူ့ဇနီးက မကြာမီမွေးဖွားတော့မှာပါ"
"ကလေးမွေးဖွားမည့်နေ့က အသင်းစခန်းသွားရမည့်ရက်နဲ့ တိုက်နေတာပါ။ သူ့ရဲ့ ပထမဆုံးကလေးဖြစ်လို့ ကျွန်တော်တို့က သူနဲ့ သူ့ဇနီးအတွက် ဆုတောင်းပါတယ်"
"သူ ပြန်လာတဲ့အခါ စိတ်အေးအေးနဲ့ ဘောလုံးပေါ် အာရုံစိုက်နိုင်ဖို့လိုပါတယ်။ အခုတော့ အဲဒီအခြေအနေမရှိသေးပါဘူး။ ဒါကြောင့် ဒီစခန်းကို ပြန်ခေါ်ဖို့ မသင့်တော်ဘူးလို့ ဆုံးဖြတ်ခဲ့တာပါ"
"ဒုတိယအကြောင်းအရင်းကတော့ မကြာသေးမီက ပွဲတွေအချို့ကစားထားပေမယ့် သူ့ရဲ့ ကြံ့ခိုင်မှုအခြေအနေမှာ နောက်ထပ် ၁၀ ရာခိုင်နှုန်းကနေ ၁၅ ရာခိုင်နှုန်းအထိ တိုးတက်ဖို့ အချိန်လိုတယ်လို့ ယူဆပါတယ်။ အခြေအနေအားလုံးကို စဉ်းစားပြီး သူ့ကို ယခုအသင်းမှာ မရွေးချယ်ဖို့ ဆုံးဖြတ်ခဲ့တာပါ"
"အဓိကအကြောင်းအရင်းက မိသားစုကိစ္စပါပဲ" လို့ တူချယ်လ်က ရှင်းပြပါတယ်။
ဘင်ဝိုက် သည် ညာနောက်တန်းနှင့် ဗဟိုခံစစ်နေရာတွင် ကစားနိုင်ပါတယ်။ ယခုရာသီအတွင်း ဒဏ်ရာကြောင့် မိနစ်အနည်းငယ်သာ ကစားနိုင်ခဲ့ပြီး ဒူးခွဲစိတ်မှု ပြုလုပ်ခဲ့ရတဲ့အတွက် ၄ လခန့်အနားယူခဲ့ပါတယ်။ ၂၀၂၅ ခုနှစ်တွင် ပရီးမီးယားလိဂ် ပွဲ ၅ ပွဲသာ စတင်ကစားနိုင်ခဲ့ပါတယ်။
လူစာရင်းတွင် အံ့ဩစရာဖြစ်စေခဲ့တဲ့အရာတစ်ခုမှာ တိုနေး ပြန်လည်ပါဝင်လာခြင်းဖြစ်ပါတယ်။ သူ့ရဲ့ နိုင်ငံတကာကစားသမားဘဝက ပြီးဆုံးသွားပြီလို့ တွေးကြသူများအတွက် အံ့အားသင့်စရာဖြစ်ခဲ့ပါတယ်။
ယူရို ၂၀၂၄ ဖိုင်နယ်အဖြစ် စပိန်နှင့် ကစားခဲ့တဲ့ပွဲမှာ လူစားဝင်ခဲ့ပြီးနောက် တိုနေးဟာ ယနေ့အထိ အင်္ဂလန်အတွက် ပြန်မကစားရသေးပါဘူး။ သူသည် ပြီးခဲ့တဲ့နွေရာသီတုန်းက ဘရန့်ဖို့ဒ်မှ ဆော်ဒီအာရေးဗျက အယ်လ်-အာလီသို့ ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။ ထို့ကြောင့် အများအပြားက သူ့ရဲ့ နိုင်ငံတကာကစားသမားဘဝ အဆုံးသတ်သွားပြီလို့ သတ်မှတ်ခဲ့ကြတာပါ။
သို့သော် တူချယ်လ်က အသက် ၂၉ နှစ်အရွယ် တိုနေးကို ထပ်မံအခွင့်အလမ်းပေးခဲ့ပြီး တော့တင်ဟမ်နှင့် ယူရိုပါလိဂ် အောင်မြင်မှုရရှိခဲ့တဲ့ ဆိုလန်ကီကို ချန်လှပ်ထားခဲ့ပါတယ်။
"တိုနေးက ကျွန်တော်တို့နဲ့အတူ ရှိဖို့အတွက် ထိုက်တန်မှုရှိပါတယ်"
"သူက လက်ရှိရာသီမှာ ဂိုး ၂၀ ကျော် သွင်းနိုင်ခဲ့ပါတယ်။ အာရှချန်ပီယံလိဂ်မှာလည်း အောင်မြင်မှုရရှိခဲ့ပါတယ်"
"အရင်က ကျွန်တော်ဟာ ဆော်ဒီသို့ သွားဖို့ ပြင်ထားပေမယ့် မသွားနိုင်ခဲ့ဘူး။ ဒါကြောင့် အခုအချိန်က သူ့ကို ပြန်ခေါ်ဖို့အခွင့်ကောင်းတစ်ခုလို့ထင်ပါတယ်။ အသစ်ဝင်လာတဲ့ကစားသမားတွေအပေါ် စမ်းသပ်မှုလုပ်ဖို့လည်း အချိန်တန်နေပါပြီ"
"အခုချိန်မှာ ကျွန်တော်တို့က ၉ နံပါတ်နေရာမှာ ဝက်ကင်းစ်၊ ဟယ်ရီကိန်းနဲ့ တိုနေး သုံးယောက်ကို ရွေးထားပါတယ်။ ဒွန်ကလည်း အတော်လေးကောင်းပါတယ်။ မတ်လစခန်းမှာပါဝင်ပြီးသားဖြစ်လို့ သူ့အကြောင်း ကျွန်တော် သိပြီးသားပါ"
"ဒါကြောင့် ဒီအချိန်မှာ အသစ်တွေကို စမ်းသပ်ပြီး အသင်းအတွင်းမှာ ဘယ်လိုပေါင်းစပ်နိုင်မလဲဆိုတာ ကြည့်ချင်တာပါ။ ဝက်ကင်းစ်နဲ့ တိုနေးက အရင်က မပါဝင်ဘူး။ ဒါကြောင့် အခုလို ဆုံးဖြတ်ချက် ချလိုက်တာပါ" လို့ တူချယ်လ်က ပြောပါတယ်။