The network connection is lost.

Banner Image

အိုလီဝက်ကင်းစ်ကို ခေါ်ယူဖို့ အံ့အားသင့်စရာ ကမ်းလှမ်းမှုပြုလုပ်ရန် ဖီနာဘာချီ ပြင်ဆင်နေ

တူရကီထိပ်သီးကလပ် ဖီနာဘာချီအသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှာ အက်စတွန်ဗီလာ တိုက်စစ်မှူး အိုလီဝက်ကင်းစ်ကို ခေါ်ယူဖို့ ကမ်းလှမ်းမှုပြုလုပ်ရန် စောင့်ကြည့်လေ့လာနေတယ်လို့ သိရပါတယ်။

လာမယ့် စက်တင်ဘာလမှာ ချန်ပီယံလိဂ်ပြိုင်ပွဲကို ပြန်လည်ဝင်ရောက်ကစားရတော့မယ့် ဗီလာအသင်းဟာ ယူအီးအက်ဖ်အေ (UEFA) ရဲ့ ငွေကြေးသုံးစွဲမှုဆိုင်ရာ စည်းမျဉ်းအသစ်တွေကြောင့် ဒီနွေရာသီမှာ ကစားသမားတွေကို ရောင်းချပြီး ငွေကြေးအမြောက်အမြား ရှာဖွေရမယ့် အခြေအနေနဲ့ ရင်ဆိုင်နေရချိန်မှာ အခုလိုသတင်းတွေ ထွက်ပေါ်လာတာပါ။

ဗီလာအသင်းဟာ ပြီးခဲ့တဲ့ ရာသီနှစ်ခုစလုံးမှာ ယူအီးအက်ဖ်အေရဲ့ စည်းမျဉ်းတွေကို ချိုးဖောက်ခဲ့တာကြောင့် နည်းပြ အူနိုင်းအမ်မရီအနေနဲ့ ၂၀၂၆-၂၇ ရာသီမတိုင်ခင်မှာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။

ယူအီးအက်ဖ်အေရဲ့ စည်းမျဉ်းတွေအရ ပြိုင်ပွဲဝင်ကလပ်အသင်းတွေဟာ အပြောင်းအရွှေ့တွေအတွက် သူတို့ရရှိတဲ့ ဝင်ငွေထက် ပိုမသုံးရဘူးလို့ သတ်မှတ်ထားတာကြောင့် ဗီလာအသင်းအနေနဲ့ အသုံးစရိတ် မျှတစေဖို့အတွက် ကစားသမားတွေကို မဖြစ်မနေ ရောင်းချရဖွယ် ရှိနေပါတယ်။

အမ်မရီဟာ ဒီနွေရာသီအစမှာတင် ယူရီတီလီမန်းစ်နဲ့ ဒွန်ယဲလ်မာလန်တို့ကို အသင်းကနေ ထွက်ခွာခွင့်ပေးခဲ့သလို ဂျာအိုဂိုးမက်စ်နဲ့ ဂျိုဟန်မန်ဇမ်ဘီတို့ကို ခေါ်ယူဖို့အတွက် စုစုပေါင်း ပေါင် ၉၀ သန်း အသုံးပြုထားပြီးသား ဖြစ်ပါတယ်။

ဖီနာဘာချီအသင်းဟာ အိုလီဝက်ကင်းစ်ကို စိတ်ဝင်စားနေကြောင်း အသိပေးထားပေမဲ့ ဗီလာအသင်းဆီကိုတော့ တရားဝင် ဆက်သွယ်မှုမျိုး မရှိသေးဘူးလို့ Sky Sports က ဖော်ပြထားပါတယ်။ ဒါ့အပြင် တခြား ပရီမီယံလိဂ်ကလပ် အသင်းအချို့ကလည်း သူ့ကို ကမ်းလှမ်းဖို့ စဉ်းစားနေကြပါတယ်။

အိုလီဝက်ကင်းစ်ဟာ ၂၀၂၈ ခုနှစ်အထိ ဗီလာပါ့ခ်မှာ စာချုပ်သက်တမ်း ကျန်ရှိနေသေးတာကြောင့် အသက် ၃၀ အရွယ် တိုက်စစ်မှူးအတွက် ဗီလာအသင်းက ပေါင် ၄၀ သန်းဝန်းကျင်အထိ တောင်းဆိုနိုင်ပါတယ်။ သူဟာ ပြီးခဲ့တဲ့ ထိပ်တန်းလိဂ် ၆ ရာသီဆက်တိုက်မှာ ဂိုးအရေအတွက် ဆယ်ဂိုးနဲ့အထက် သွင်းယူနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။