The network connection is lost.

Banner Image

နာကျင်ဖွယ်ကမ္ဘာ့ဖလားအတွေ့အကြုံကို အင်္ဂလန်အသင်း ရုန်းထွက်ကျော်လွန်လာနိုင်ပြီလို့ ချီးကျူးလိုက်တဲ့ တူချယ်

နေရှင်းလိဂ်အဖွင့်ပွဲစဉ်လေးခုမှာ ၁၄ ဂိုးအထိ သွင်းယူပြပြီးနောက် ကမ္ဘာ့ဖလားပြိုင်ပွဲနာကျင်မှုတွေအတွက် အင်္ဂလန်အသင်း အကောင်းဆုံးတုံ့ပြန်ပြခဲ့ပုံကို တူချယ်က ချီးကျူးပြောဆိုလိုက်ပါတယ်။

အင်္ဂလန်က လက်ရှိကမ္ဘာ့ချန်ပီယံစပိန်ကို ၂-၃ ဂိုးဖြင့် ရှုံးနိမ့်ပြီးနောက် ခရိုအေးရှားကို အဝေးကွင်းမှာ ၀-၇ ဂိုးဖြင့် အနိုင်ယူခဲ့သလို ချက်ကိုလည်း အိမ်ကွင်း/အဝေးကွင်း နှစ်ကျော့လုံး အနိုင်ရရှိပြီး နေးရှင်းလိဂ်ပြိုင်ပွဲကွာတားဖိုင်နယ်လက်မှတ်ရရှိဖို့ နီးစပ်လာပါတယ်။

အာဂျင်တီးနားကို အရေးနိမ့်ခဲ့တဲ့ ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်ပွဲစဉ်မှာ သူ့ရဲ့စီမံကိုင်တွယ်ပုံတွေနဲ့ပတ်သက်လို့ မေးခွန်းတွေကို ရင်ဆိုင်ဖြေရှင်းရင်း တူချယ်က အခုလိုရှည်လျားလှတဲ့ နိုင်ငံတကာသီတင်းပတ်ကာလကို စတင်ခဲ့ပါတယ်။

ဒီဂျာမန်လူမျိုးနည်းပြက ဝေဖန်သူတွေအပေါ် အကောင်းဆုံးပြန်လည်တုံ့ပြန်နိုင်မယ့် အခွင့်အရေးကို အမိအရဆုပ်ကိုင်နိုင်ခဲ့သလို ၂၀၂၈ ခုနှစ်၊ ဗြိတိန်မြေမှာကျင်းပမယ့် ယူရိုပြိုင်ပွဲအတွင်း ချန်ပီယံဖြစ်လာနိုင်ရေး ရည်မှန်းချက်ဆီ အပြည့်အ၀ရောက်ရှိဖို့အတွက် ရှေ့ဆက်နိုင်ခဲ့ပြီလို့လည်း ယုံကြည်နေပါတယ်။

"ဒီကိစ္စကိုကျော်ဖြတ်ပြီး ရှေ့ဆက်သွားဖို့ လိုအပ်တယ်လို့ ကျွန်တော် ထင်ပါတယ်။ ကျွန်တော်တို့က အုပ်စုအဆင့်မှ ထွက်ခွာခဲ့ရတာ မဟုတ်ဘူးဆိုတာကိုပဲ ကျွန်တော် ထပ်ပြောနိုင်ပါတယ်။ တစ်ခါတလေမှာ အဲဒီလို ထင်ရတတ်ပေမဲ့ ကျွန်တော်တို့ အုပ်စုအဆင့်မှ ထွက်ခွာခဲ့ရတာမျိုး မဟုတ်ပါဘူး" လို့ ချဲလ်ဆီးနည်းပြဟောင်းက အင်္ဂါနေ့မှာ ပြောပါတယ်။

"ဝေဖန်မှုတွေနဲ့ သံသယတွေ အနည်းငယ်ရှိခဲ့ပေမဲ့ ကျွန်တော်တို့တွေ အသစ်ပြန်စတင်စရာ မရှိဘူးဆိုတာ ကျွန်တော်ကိုယ်တိုင် ပြောခဲ့ပါတယ်။ ကျွန်တော်တို့ အတူတကွ တည်ဆောက်ခဲ့တဲ့ အရာတွေအပေါ်မှာ ဆက်လက်အခြေပြုသွားနိုင်သလို ကမ္ဘာ့ဖလားမှာလည်း အဆင့်အတန်းမြင့်ယှဉ်ပြိုင်မှုပြင်းထန်တဲ့ဘောလုံးကစားဟန်ကို ပြသနိုင်ခဲ့လို့ အသစ်တစ်ဖန် ပြန်လည်စတင်စရာ မလိုဘူးလို့ ကျွန်တော် ယုံကြည်ပါတယ်" လို့ ဆိုပါတယ်။

"အခုတော့ ကျွန်တော်တို့ နောက်ထပ်ခြေလှမ်းတစ်ခုဆီ တက်လှမ်းနေပါပြီ။ နောက်တစ်ဆင့်ဆီ တက်လှမ်းဖို့ဆိုတာ အမြဲလိုလို အရေးကြီးပါတယ်။ ဒါပေမဲ့ စခန်းသွင်းလေ့ကျင့်မှုစတင်ချိန်ကတည်းက ကစားသမားတွေရဲ့ ပေးဆပ်လိုစိတ်နဲ့ စိတ်နေသဘောထားက အလွန်မြင့်မားတဲ့ အဆင့်အတန်းမှာ ရှိနေခဲ့ပြီး ပွဲစဉ်လေးခုလုံးမှာ ဒါကို သက်သေပြနိုင်ခဲ့လို့ ကျွန်တော်ဝမ်းသာမိပါတယ်" လို့ ဆက်ပြောပါတယ်။

ဝင်ဘာလေကွင်းမှာ ချက်ကို ၃-၀ ဂိုးဖြင့် အနိုင်ယူခဲ့တဲ့ အင်္ဂါနေ့ပွဲစဉ်အတွင်း နှစ်ဂိုးသွင်းယူပေးခဲ့တဲ့ ဟယ်ရီကိန်းက ပီတာရှီလ်တန်ရဲ့ အင်္ဂလန်လက်ရွေးစင်အသင်းအတွက် ၁၂၅ ပွဲ ပါဝင်ကစားပေးမှုစံချိန်ကို လိုက်မီသွားပါတယ်။

ဒီဘိုင်ယန်မြူးနစ်တိုက်စစ်မှူးနဲ့ပတ်သက်လို့ တူချယ်က "အံ့ဩစရာ ကောင်းလွန်းပါတယ်။ သူက ဒီလိုဂုဏ်ပြုမှုနဲ့ ထိုက်တန်သလို ချီးကျူးမှုတွေနဲ့လည်း ထိုက်တန်ပါတယ်"

"သူ့အတွက် အလွန်ထူးခြားတဲ့နေ့ရက်မှာ သူက ကျွန်တော်တို့အတွက် နောက်တစ်ကြိမ် အဆုံးအဖြတ်ပေးနိုင်ခဲ့ပြန်ပါပြီ" လို့ ဆိုပါတယ်။