လီဗာပူးကို စိတ်ပျက်ဖွယ်ရှုံးနိမ့်ခဲ့ပြီးနောက် အသင်းဖော်တွေ စည်းလုံးညီညွတ်ကြဖို့ ပဲလေ့စ်ကပ္ပတိန်ဒင်းဟန်ဒါဆန် တိုက်တွန်း
တနင်္ဂနွေနေ့၊ ဆဲလ်ဟတ်ပတ်ခ်ကွင်းမှာ လီဗာပူးကို ၁-၃ ဂိုးဖြင့် ရှုံးနိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အပြီး ခရစ္စတယ်ပဲလေ့စ်အသင်းခေါင်းဆောင်ဒင်းဟန်ဒါဆန်က အသင်းဖော်တွေ စည်းစည်းလုံးလုံး ဆက်ရှိနေကြဖို့ တိုက်တွန်းပြောကြားခဲ့ပါတယ်။
အထူးသဖြင့် ပထမပိုင်းပွဲချိန်အတွင်း အခွင့်အရေးအများအပြားဖန်တီးနိုင်ခဲ့လို့ ခရစ္စတယ်ပဲလေ့စ်အတွက် အခုထက်ပိုမိုတဲ့ ရလဒ်မျိုးနဲ့ ထိုက်တန်ခဲ့တယ်လို့ ဒင်းဟန်ဒါဆန် ယုံကြည်နေပါတယ်။
Sky Sports နဲ့တွေ့ဆုံချိန် သူက "ဒါကို လက်ခံဖို့ အရမ်းခက်ခဲမယ်ဆိုတာ သေချာပါတယ်။ ပထမပိုင်းပြီးချိန်အထိ ကျွန်တော်တို့က ပိုကောင်းတဲ့ အသင်းအဖြစ် ရှိနေခဲ့တာပါ" လို့ ပြောပါတယ်။
ခံစစ်ပိုင်းအမှားအယွင်းတွေနဲ့ လီဗာပူးရဲ့တန်ပြန်တိုက်စစ်တွေကြောင့် ဒီလို စိတ်ပျက်စရာ ရလဒ် ထွက်ပေါ်ခဲ့တယ်လို့ သူက အပြစ်တင်ခဲ့သလို ရရှိတဲ့အခွင့်အရေးတွေကို ဂိုးအဖြစ် ပြောင်းလဲဖို့အတွက် ခရစ္စတယ်ပဲလေ့စ် ရုန်းကန်ခဲ့ရတယ်လို့လည်း ဝန်ခံခဲ့ပါတယ်။
ဒင်းဟန်ဒါဆန်က "ပြိုင်ဘက်ရဲ့တန်ပြန်တိုက်စစ်သုံးကြိမ်ကြောင့် ကျွန်တော်တို့ အမှန်တကယ်အရေးနိမ့်ခဲ့တယ်လို့ ထင်ပါတယ်။ ဒါ လက်ခံဖို့ တော်တော်ခက်ခဲပါတယ်" လို့ ဆက်ပြောပါတယ်။
အခုလိုရှုံးနိမ့်ခဲ့ပေမဲ့လည်း ဒင်းဟန်ဒါဆန်က သူတို့ရဲ့ခြေစွမ်းအဆင့်အတန်းကိုသာ ဆက်ထိန်းသိမ်းထားနို်ငမယ်ဆိုရင် ခရစ္စတယ်ပဲလေ့စ်ရဲ့အခြေအနေတွေကို အကောင်းဘက်ဆီ ပြန်ပြောင်းလဲပေးနိုင်မယ်လို့ ယုံကြည်နေပါတယ်။
"ဒီလိုအချိန်မျိုးမှာ ကျွန်တော်တို့ အသင်းလိုက် စည်းစည်းလုံးလုံးရှိနေဖို့ လိုပါတယ်။ စည်းလုံးညီညွတ်မှုက အဓိကသော့ချက်ဖြစ်ပြီး ကျွန်တော်တို့ အားမာန်အပြည့်နဲ့ ပြန်လည်ရုန်းထလာပါလိမ့်မယ်" လို့ သူက နိဂုံးချုပ်ပြောကြားသွားခဲ့ပါတယ်။