The network connection is lost.

Banner Image

ပြိုင်ဘက်ကို လွှမ်းမိုးထားနိုင်ပေမယ့် အိမ်ကွင်းရှုံးပွဲကြုံတွေ့ခဲ့လို့ စိတ်ပျက်လက်ပျက်ဖြစ်နေတဲ့ ပိုစတီကိုဂလူ

ဒီနေ့မနက်ပိုင်း၊ နော်တင်ဟမ်ဖောရက်စ်ကို ၁-၂ ဂိုးဖြင့် ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ အသင်းရဲ့စွမ်းဆောင်ရည် အရမ်းကောင်းမွန်ခဲ့ပါတယ်လို့ တော့တင်ဟမ်နည်းပြပိုစတီကိုဂလူက ပြောပါတယ်။ အခုပွဲစဉ်ရဲ့အစောပိုင်းမိနစ်တွေကို အိမ်ရှင်တော့တင်ဟမ်က နှေးကွေးစွာစတင်ခဲ့ပြီး ပွဲအစ ၁၅ မိနစ်အတွင်းမှာပဲ အန်ဒါဆန်၊ ခရစ်ဝုဒ်တို့ရဲ့သွင်းဂိုးတွေနဲ့ နှစ်ဂိုးပြတ်အရေးနိမ့်ခဲ့ပါတယ်။

လက်ကျန်ပွဲချိန်တွေမှာတော့ တော့တင်ဟမ်ရဲ့ကစားပုံပိုမိုကောင်းမွန်လာခဲ့ပြီး အခွင့်အရေးတွေ ဖန်တီးနိုင်ပေမယ့် သာမန်ပွဲကစားချိန်ပြီးဆုံးဖို့ သုံးမိနစ်အလို ရစ်ချာလီဆန်ရဲ့ခေါင်းတိုက်ဂိုးမှလွဲ၍ နောက်ထပ်သွင်းဂိုးတွေ မရှာဖွေနိုင်ခဲ့ပါဘူး။ 

ပွဲစဉ်အပြီး ပိုစတီကိုဂလူက “ ကျွန်တော်တို့တွေ အခွင့်အရေးတွေဖန်တီးရင်း ဒီထက်ပိုပြီးတော့လည်း ပြိုင်ဘက်ကို မလွှမ်းမိုးထားနိုင်တော့ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့က စိတ်ပျက်စရာပေးဂိုးတွေကို ခွင့်ပြုပေးခဲ့ပြီး ကိုယ့်ကိုယ်ကိုယ်အခက်တွေ့စေခဲ့ပါတယ်။

ပေးလိုက်ရတဲ့ဂိုးတွေနဲ့ပတ်သက်လို့ တကယ်ကို စိတ်ပျက်မိပါတယ်။ စိတ်အပျက်မိဆုံးအရာကတော့ ဒါနဲ့တောင် မဆိုင်တော့ပါဘူး။ ကျွန်တော်တို့ရဲ့ကစားဟန် အရမ်းကောင်းမွန်ခဲ့တယ်လို့ တွေးမိခဲ့ပါတယ်။ ဦးဆောင်ဂိုးတွေ ပေးလိုက်ရပြီးမှ ကျွန်တော်တို့ အသက်ဝင်လာခဲ့ပြီး ကိုယ့်ရဲ့ကစားဟန်အတိုင်း စတင်ကစားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့တွေ စောစောစီးစီး ဦးဆောင်ဂိုးနှစ်ဂိုးလောက်အထိ ခွင့်မပြုပေးသင့်ဘူးလို့ပဲ ပြောရတော့မှာပါပဲ”လို့ ဆိုပါတယ်။

နော်တင်ဟမ်ဖောရက်စ်ကို ရှုံးနိမ့်ပြီးနောက် တော့တင်ဟမ်က အခုရာသီ၊ ပရီးမီးယားလိဂ် ၁၈ ပွဲမြောက်ရှုံးပွဲကို ပိုင်ဆိုင်ခဲ့ပြီး အမှတ်ပေးဇယားအဆင့်-၁၆ နေရာဆီ ရောက်ရှိသွားကာ ပရီးမီးယားလိဂ်သမိုင်းတလျှောက် သူတို့အသင်းရဲ့အဆိုးဝါးဆုံးရာသီပိတ်သိမ်းမှုကာလတစ်ခုနဲ့ ရင်ဆိုင်သွားရပါတော့မယ်။ ပိုစတီကိုဂလူကတော့ ဒါက အစောပိုင်းကျရှုံးမှုတွေနဲ့အတူ လိုက်လျောညီထွေမှုရှိတဲ့ရလဒ်လို့ ဆိုလိုက်ပါတယ်။

သြစတြေးလျသားနည်းပြက “ ဘယ်လိုနည်းနဲ့မှ မရှုံးနိမ့်သင့်တဲ့ ပွဲစဉ်မျိုးဖြစ်ပါတယ်။ နောက်ထပ်တစ်ကြိမ် ကျွန်တော်တို့ ခြေချော်ခဲ့ပါတယ်။ ဒီလိုပွဲစဉ်မျိုးမှာ ကျွန်တော်တို့အသင်းက အရှုံးရလဒ်နဲ့ထိုက်တန်တယ်လို့ မထင်ပါဘူး။ ကျွန်တော်တို့ အခွင့်အရေးတွေ လုံလုံလောက်လောက်ဖန်တီးခဲ့ပြီး ကစားပုံလည်း ကောင်းမွန်ခဲ့ပါတယ်။

ဒါကပဲ အခုတစ်နှစ်တာလုံးမှာ ကျွန်တော်တို့အတွက် ပြဿနာတစ်ရပ် ဖြစ်လာခဲ့ပြီးပါပြီ။ဒါက ကစားဟန်နဲ့ မသက်ဆိုင်ပါဘူး။ ဒါပေမယ့် ပွဲစဉ်တစ်ခုလုံးအပေါ် အာရုံစူးစိုက်မှုအပြည့်ရှိနေဖို့ လိုအပ်ခဲ့တယ်ဆိုတာပါပဲ။ ဒီလိုပုံစံမျိုးနဲ့ပဲ အခုနှစ်ထဲမှာ ကျွန်တော်တို့တွေ ရှုံးပွဲအများကြီးနဲ့ ကြုံတွေ့ခဲ့ပြီးပါပြီ။ ဒါကြောင့်ပဲ အမှတ်ပေးဇယားရဲ့အောက်ပိုင်းမှာ ကျွန်တော်တို့ရောက်ရှိနေတာပါ”လို့ ပြောပါတယ်။