တော့တင်ဟမ်အသင်းလူစာရင်းမှ ချန်လှပ်ခံထားရမှုကို ပြန်လည်တုံ့ပြန်လာတဲ့ ရစ်ချာလီဆန်
ရစ်ချာလီဆန်က အင်္ဂါနေ့၊ လီဗာပူးနဲ့ရင်ဆိုင်ရမယ့် ကာရာဘောင်ဖလားပွဲစဉ်အတွက် အသင်းလူစာရင်းမှ ချန်လှပ်ထားခဲ့တဲ့ ဒီဇာဘီရဲ့ဆုံးဖြတ်ချက်ကို ဆိုရှယ်မီဒီယာမှတဆင့် ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။
အသက် ၂၉ နှစ်အရွယ်ကစားသမားက နွေရာသီအပြောင်းအရွှေ့ကာလအတွင်း အဲဗာတန်ဆီ ပြောင်းရွှေ့ဖို့ ငြင်းဆန်ပြီးနောက် တော့တင်ဟမ်မှာ လုံးဝနေရာမရတော့ဘဲ အပယ်ခံဖြစ်သွားခဲ့ပုံရပါတယ်။
အဲ့ဒီနောက်ပိုင်း ရစ်ချာလီဆန်ဟာ ဗာစကိုဒါဂါးမားနဲ့ ထရက်ဇွန်စပေါတို့လို အသင်းတွေဆီ ပြောင်းရွှေ့ဖို့ သတင်းထွက်ပေါ်ခဲ့ပေမဲ့ တော့တင်ဟမ်အသင်းရဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲဝင်ကစားသမား ၂၅ ဦးစာရင်းမှ ချန်လှပ်ခံရချိန်မှာတောင် အသင်းမှာပဲ ဆက်ရှိနေခဲ့ပါတယ်။
ဒီလိုချန်လှပ်ခံရပေမဲ့လည်း သူ့အတွက် ကာရာဘောင်ဖလားပြိုင်ပွဲမှာ ပါဝင်ကစားနိုင်မယ့် အခွင့်အရေးတော့ ရှိနေပါသေးတယ်။ ဒါပေမဲ့ ဒီဇာဘီကတော့ ဒီလိုအခွင့်အရေးကို လုံး၀ပယ်ချလိုက်ပါတယ်။
ပွဲစဉ်မတိုင်ခင် သတင်းထောက်တွေနဲ့တွေ့ဆုံချိန် ဒီဇာဘီက "ရစ်ချာလီဆန် ပါဝင်ကစားနိုင်တဲ့အခြေအနေမှာ ရှိနေရင်တောင် ကစားခွင့်ရမှာ မဟုတ်ပါဘူး။ ကာရာဘောင်းဖလားမှာတောင် လုံးဝ မကစားရပါဘူး" လို့ ပြောကြားခဲ့ပါတယ်။
အခုတော့ ဘရာဇီးကစားသမားက နည်းပြရဲ့ပြောကြားချက်အပေါ် ဖာဘရီဇီယိုရိုမာနိုရဲ့ Post ရှိ replies နေရာမှာ အလွန်ဝမ်းနည်းနေတဲ့ အီမိုဂျီ (sad emoji) တစ်ခုနဲ့အတူ ယခင် တွစ်တာ (Twitter)လို့ လူသိများတဲ့ X ပလက်ဖောင်းပေါ်မှတဆင့် ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။