The network connection is lost.

Banner Image

ပီအက်စ်ဂျီကို ဂိုးပြတ်အရေးနိမ့်ခဲ့ပေမယ့် အသင်းရဲ့စွမ်းဆောင်ရည်အပေါ် ကျေနပ်အားရမိကြောင်း ပြောကြားလာတဲ့ ဖရန့်ခ်

တော့တင်ဟမ်နည်းပြ သောမတ်စ်ဖရန့်ခ်က အသင်းအနေနဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ပီအက်စ်ဂျီကို ၅-၃ နဲ့ဂိုးပြတ်အရေးနိမ့်ခဲ့ပေမယ့် အပြုသဘောဆောင်တဲ့အချက်တွေမြင်တွေ့ခဲ့ရကြောင်းနဲ့ စွမ်းဆောင်ရည်အပေါ်အားရကျေနပ်မိကြောင်း ပြောကြားလာခဲ့ပါတယ်။ လက်ရှိချန်ပီယံလိဂ်ချန်ပီယံ ပီအက်စ်ဂျီကို အဝေးကွင်းမှာသွားရောက်ကစားရတဲ့အတွက် တော့တင်ဟမ်အနေနဲ့ အနိုင်ဖို့ရုန်းကန်ရနိုင်တယ်လို့ မျှော်လင့်ထားတဲ့အတိုင်း သောမတ်စ်ဖရန့်ခ်ရဲ့အသင်းဟာ ပြင်သစ်မြေမှာ ဂိုးပြတ်ရှုံးပွဲကြုံခဲ့ရပေမယ့် ခြေစွမ်းပိုင်းမှာတော့ ကွာဟချက်သိပ်မရှိခဲ့ဘဲ ပြင်သစ်ချန်ပီယံတွေကို အပြန်အလှန်ထိုးဖောက်ကစားနိုင်ခဲ့တာဖြစ်ပါတယ်။

ပွဲအပြီးမှာ ဖရန့်ခ်က သူ့အနေနဲ့ သွင်းဂိုးတွေအများအပြားခွင့်ပြုခဲ့ရတဲ့အတွက် စိတ်ပျက်မိပေမယ့် အသင်းရဲ့စွမ်းဆောင်ရည်အပေါ်မှာတော့ ကျေနပ်အားရမိတယ်လို့ ပြောကြားလာခဲ့ပါတယ်။ ဒိန်းမတ်သားနည်းပြက "ကျွန်တော်ဒီပွဲကို သေချာပေါက်ကျေနပ်ပါတယ်။ ဒီလိုစွမ်းဆောင်ရည်မျိုးကို လိုချင်ခဲ့တာပါ။ ဒါက ကျွန်တော် ကစားသမားတွေဆီက လိုချင်နေတဲ့ တုံ့ပြန်မှုပါပဲ။ ဒီပွဲမှာ ရလဒ်ကောင်းရဖို့ အစွမ်းကုန်ကြိုးစားခဲ့ပါတယ်။ ကစားသမားတွေ၊ ဝန်ထမ်းတွေနဲ့ ကျွန်တော်ကိုယ်တိုင် အာဆင်နယ်နဲ့ပွဲစဉ်က ဆိုးရွားတဲ့စွမ်းဆောင်ရည်ကို ဒီနေ့မှာ ချေဖျက်နိုင်ဖို့ ကြိုးစားခဲ့ပြီး ဖြစ်မြောက်အောင်လုပ်နိုင်ခဲ့ကြပါတယ်။ 

ကျွန်တော် ဖန်တီးချင်တဲ့အသင်းတစ်သင်းရဲ့ပုံစံကို ဒီနေ့မှာမြင်တွေ့ခဲ့ရပါတယ်" "အသင်းရဲ့အရည်အသွေး၊ စိတ်ဓာတ်မာကျောမှုနဲ့ စိတ်အားထက်သန်မှုတွေကို မြင်တွေ့ခဲ့ရပါတယ်။ ဒီလိုအရည်အချင်းတွေက ဘယ်အသင်းမှာဖြစ်ဖြစ်၊ ဘယ်လိုပုံစံနဲ့ကစားပါစေ မရှိမဖြစ်လိုအပ်တဲ့အရာတွေပါ။ ဒီနေ့ ဒါကိုမြင်တွေ့ခဲ့ရလို့ ကျွန်တော်ကျေနပ်ပါတယ်။ကျွန်တော်တို့ ဒီလိုစွမ်းဆောင်ရည်မျိုးနဲ့ဆို သရေ ဒါမှမဟုတ် အနိုင်ရလဒ်ကိုရရှိဖို့နီးစပ်ပေမယ့် ဂိုးတွေခွင့်ပြုခဲ့ရတာကတော့ နည်းနည်းစိတ်ပျက်ဖို့ကောင်းပါတယ်။ အထူးသဖြင့် တတိယဂိုးနဲ့ စတုတ္ထဂိုးတွေကို ကျွန်တော်တို့ မပေးခဲ့ရသင့်ပါဘူး"

"ဒါပေမယ့် အသင်းကိုဒီပုံစံအတိုင်း  ဆက်လက်တည်ဆောက်သွားရပါမယ်။ တိုက်စစ်ပိုင်းက ၂ ဂိုးသွင်းနိုင်ခဲ့ပြီး အသင်းတစ်ခုလုံးအနေနဲ့လည်း ခြုံပြီးကြည့်မယ်ဆို အရမ်းကောင်းခဲ့ပါတယ်။ အာချီဂရေး၊ လူးကပ်စ်ဘာ့ဂ်ဗောတို့ ခြေစွမ်းပြခဲ့ပါတယ်။ ပီအက်စ်ဂျီက ဘောလွန်းဒီအော်ဆုရှင်နဲ့ ဗီတင်ဟာတို့လို အရမ်းကောင်းတဲ့ကစားသမားတွေပိုင်ဆိုင်ထားတဲ့အသင်းပါ။ ဒီလိုအသင်းနဲ့ကျွန်တော်တို့ အပြန်အလှန်ဂိုးတွေသွင်းနိုင်ခဲ့ပါတယ်" လို့ပြောကြားခဲ့ပါတယ်။