တော့တင်ဟမ်နည်းပြဟောင်း သောမတ်စ်ဖရန့်ခ်ကို နည်းပြသစ်အဖြစ် ခန့်အပ်လိုက်တဲ့ ခရစ္စတယ်ပဲလေ့စ်
ခရစ္စတယ်ပဲလေ့စ်အသင်းက တော့တင်ဟမ်နဲ့ ဘရန့်ဖို့ဒ်နည်းပြဟောင်း သောမတ်စ်ဖရန့်ခ်ကို နည်းပြသစ်အဖြစ် ခန့်အပ်လိုက်ပါတယ်။
၂၀၂၉ ခုနှစ်၊ ဇွန်လအထိ စာချုပ်ချုပ်ဆိုခဲ့တဲ့ ဒီဒိန်းမတ်လူမျိုးနည်းပြက ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းက တော့တင်ဟမ်အသင်းနဲ့ လမ်းခွဲပြီးနောက် နည်းပြလောကဆီ ပထမဆုံးအကြိမ် ပြန်လည်ခြေချလာပါတယ်။
ဖရန့်ခ်က ဆဲလ်ဟတ်စ်ပတ်ခ်မှာ ၅ လတာကာလအတွင်း ၁၆ ပွဲသာ တာဝန်ယူခဲ့ရပြီး ရာထူးမှ ထုတ်ပယ်ခံခဲ့ရတဲ့ ပြင်သစ်လူမျိုးဆာဂီရဲ့နေရာကို အစားထိုးဝင်ရောက်လာပါလိမ့်မယ်။
ပဲလေ့စ်ရဲ့တရားဝင်ဝက်ဘ်ဆိုက်ဆီ ဖရန့်ခ်က "ဒီနေရာမှာ ထိုင်ပြီး အံ့သြဖွယ် ကောင်းတဲ့ ဒီဘောလုံးကလပ်အသင်းကို ကိုင်တွယ်ခွင့်ရတယ်ဆိုတာ တကယ့်ကို ဂုဏ်ယူစရာပါပဲ။ ကျွန်တော် တကယ်ကို ရင်ခုန်မျှော်လင့်နေပါတယ်"
"ခရစ္စတယ်ပဲလေ့စ်ဆိုတာ အင်္ဂလန်နဲ့ ပရီးမီးယားလိဂ်မှာ ထင်ရှားတဲ့ ကလပ်အသင်းတစ်ခု ဖြစ်ပါတယ်။ ကစားသမားတွေနဲ့ ဒီနေရာမှာရှိတဲ့ လူတိုင်းကို ကူညီပံ့ပိုးပေးနိုင်ဖို့ တတ်နိုင်သမျှ အစွမ်းကုန် ကြိုးစားသွားပါမယ်။ သူတို့နဲ့ တွေ့ဆုံဖို့ကိုလည်း တကယ်ကို မျှော်လင့်နေပါတယ်" လို့ ပြောပါတယ်။
ပရီးမီးယားလိဂ်ဘောလုံးရာသီအဖွင့် ၁၀ ပွဲကစားပြီးချိန် ခုနစ်မှတ်သာရရှိထားပြီး အမှတ်ပေးဇယားအောက်ဆုံးနေရာဆီ ရောက်ရှိနေတဲ့ ခရစ္စတယ်ပဲလေ့စ်ဆီ သောမတ်စ်ဖရန့်ခ် ရောက်ရှိလာပါပြီ။
ပဲလေ့စ်တို့က ယူရိုပါလိဂ်အမှတ်ပေးဇယားမှာလည်း အဆင့် ၂၁ နေရာမှာ ရပ်တည်နေပြီး လက်ရှိရပ်တည်မှုအရ ရှုံးထွက် play-off အဆင့်ဆီ တက်ရောက်ဖို့ အခွင့်အရေး ရှိနေပါသေးတယ်။
နိုင်ငံတကာရက်သတ္တပတ်အပြီး လာမယ့်စနေနေ့မှာတော့ ခရစ္စတယ်ပဲလေ့စ်က အဆင့် ၁၇ နေရာရှိ ကိုဗင်ထရီနဲ့ ယှဉ်ပြိုင်ကစားရင်း ပရီးမီးယားလိဂ်ခရီးလမ်းကို ပြန်လည်စတင်ပါလိမ့်မယ်။