
The network connection is lost.

ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့ကာလရဲ့ နောက်ဆုံးနေ့ရက်မှာ ဖီအိုရင်တီးနားမှ မန်ချက်စတာယူနိုက်တက်သို့ အငှားစာချုပ် + အပြီးသတ်ဝယ်ယူခွင့် နဲ့ပြောင်းရွှေ့လာခဲ့တဲ့ အမ်မရာဘတ်ဟာ ယနေ့ည ယှဉ်ပြိုင်မယ့် ဘရိုက်တန်နဲ့ ပွဲစဉ်မှာ ပါဝင်နိုင်မှာမဟုတ်သေးကြောင်း အဲရစ်တန်ဟက်က အတည်ပြုပြောကြားခဲ့တာဖြစ်ပါတယ်။
အသက် -၂၇ နှစ်အရွယ် ကွင်းလယ်လူဟာ မော်ရိုကိုလက်ရွေးစင်အသင်းအတွက် ရွေးချယ်ခြင်းခံခဲ့ရသော်လည်း ဒဏ်ရာပြဿနာကြောင့် လိုက်ဘေးရီးယား၊ ဘာကီနာဖာဆိုတို့နဲ့ ယှဉ်ပြိုင်ခဲ့တဲ့ပွဲစဉ်တွေမတိုင်ခင်မှာပဲ လူစာရင်းမှဖယ်ထုတ်ခံခဲ့ရတာဖြစ်ပါတယ်။
ဒါ့အပြင် ယနေ့ည ဒီဇာဘီရဲ့ဘရိုက်တန်ကို အိုးလ်ထရက်ဖို့ဒ်မှာ ဧည့်ခံယှဉ်ပြိုင်မယ့်ပွဲစဉ်ကိုလည်း ဒဏ်ရာပြဿနာရှိနေသေးတာကြောင့် လွဲချော်သွားမှာဖြစ်ပါတယ်။ တန်ဟက်က "အမ်မရာဘတ်က ပြန်ရောက်လာပြီဆိုပေမယ့် ကံမကောင်းစွာဘဲ ဒဏ်ရာပြဿနာရှိနေတာကြောင့် ဘရိုက်တန်နဲ့ပွဲစဉ်မှာ ပါဝင်နိုင်မှာမဟုတ်သေးပါဘူး။ ဒါပေမယ့် သိပ်မကြာခင်မှာပဲ ကစားနိုင်မယ်လို့ ထင်ပါတယ်။ သူက ကျွန်တော်တို့အားလုံးအတွက် ပျော်ရွှင်မှုတွေယူဆောင်လာပေးနိုင်မယ်ဆိုတာ သေချာပါတယ်" လို့အတည်ပြုပြောကြားခဲ့ပါတယ်။
အပြောင်းအရွှေ့ကာလရဲ့ နောက်ဆုံးနေ့ရက်မှာ အမ်မရာဘတ်ဟာ ယူနိုက်တက်ခေါ်ယူခဲ့တဲ့ ကစားသမား ၄ ဦးထဲက တစ်ဦးအပါအဝင်ဖြစ်ပြီး ကျန်တဲ့ ၃ ဦးမှာ ဖီနာဘာချီဂိုးသမား အယ်လ်တေးဘယင်ဒါ၊ တော့တင်ဟမ်နောက်ခံလူ ရီဂူလွန် နဲ့ ကစားသမားဟောင်း ဂျွန်နီအီဗန်စ်တို့ ဖြစ်ပါတယ်။ နိုင်ငံတကာပွဲစဉ်များမတိုင်ခင် အာဆင်နယ်ကို ၃-၁ နဲ့ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာ နောက်ခံလူတွေဖြစ်ကြတဲ့ လုခ်ရှောနဲ့ မာလာစီယာတို့က ဒဏ်ရာရရှိနေတာကြောင့် ရီဂူလွန်ဟာ ယူနိုက်တက်ရဲ့လူစာရင်းမှာ စတင်ပါဝင်ခဲ့ပါတယ်။ ယခုအခါ အသင်းနဲ့အတူ ၂ ပတ်ကြာအောင် လေ့ကျင့်မှုပြုလုပ်ခဲ့ပြီးဖြစ်တာကြောင့် မကြာမီမှာပဲ စပိန်လက်ရွေးစင်ကစားသမားဟာ ၎င်းရဲ့ပွဲဦးထွက်ကို စတင်နိုင်တော့မယ်လို့ ယူဆရပါတယ်။
ဒါ့အပြင် တန်ဟက်ကလည်း "ကျွန်တော်တို့မှာ နောက်ခံလူတွေ ရှားပါးနေတာကြောင့် ရီဂူလွန်ဟာ မကြာမီမှာပဲ အသင်းမှာပါဝင်နိုင်ပါတယ်"လို့ပြောကြားထားတာဖြစ်ပါတယ်။ မေဆင်မောင့်နဲ့ ရာဖေးလ် ဗာရာနီတို့က ဒဏ်ရာပြဿနာကြုံတွေ့နေရပေမယ့် လီဆန်ဒရိုမာတီနက်ဇ်နဲ့ ဗစ်တာလင်ဒီလော့ဖ်တို့ကတော့ ယနေ့ညမှာ ပါဝင်နိုင်ချေရှိပါတယ်။
တောင်ပံကစားသမား အန်တိုနီကတော့ စွပ်စွဲချက်တွေကို ဖြေရှင်းနေရဆဲဖြစ်တာကြောင့် အသင်းမှဆိုင်းငံ့ခံထားရပြီး တန်ဟက်နဲ့ မပြေလည်သေးတဲ့ ဆန်ချိုကလည်း အသင်းနဲ့အတူ လေ့ကျင့်ခန်းဆင်းခွင့်ပိတ်ပင်ခံခဲ့ရတာကြောင့် ယခုပွဲကို လွဲချော်သွားဖို့များနေတာဖြစ်ပါတယ်။