
ဥရောပစူပါဖလားပြိုင်ပွဲကို အသွင်သစ်ပြောင်းလဲမယ့် ယူအီးအက်ဖ်အေရဲ့ထူးခြားဆန်းပြားတဲ့ အစီအမံ ထွက်ပေါ်လာ
ဥရောပဘောလုံးအဖွဲ့ချုပ်(ယူအီးအက်ဖ်အေ)က နှစ်စဉ်ကျင်းပနေတဲ့ စူပါဖလားပြိုင်ပွဲကို လာမယ့်ဘောလုံးရာသီမှာ ပြိုင်ပွဲဝင်ကလပ်အသင်းလေးခုပါဝင်ပြီး ဥရောပပြင်ပမှာကစားမယ့် ပြိုင်ပွဲအဖြစ် အသွင်ပြောင်းလဲသွားဖို့ စဉ်းစားနေပါတယ်။
လတ်တလောမှာ ချန်ပီယံလိဂ်ချန်ပီယံနဲ့ ယူရိုပါလိဂ်ချန်ပီယံတို့အကြား ယှဉ်ပြိုင်ကစားရတဲ့ ဥရောပစူပါဖလားပြိုင်ပွဲက မကြာမီကာလအတွင်း ပြိုင်ပွဲဝင်အရေအတွက်နှစ်ဆတိုးလာမယ့်အခြေအနေနဲ့ ရင်ဆိုင်သွားရဖွယ် ရှိပါတယ်။ သတင်းတွေအရ အခြားသောဥရောပအဆင့်ပြိုင်ပွဲတွေမှာ အနိုင်ရရှိလာတဲ့ အသင်းတွေကို ထည့်သွင်းကာ ရပ်ခြားဒေသမှာကျင်းပမယ့် ဥရောပစူပါဖလားပြိုင်ပွဲပုံစံသစ်အဆိုပြုချက်က ဆွေးနွေးမယ့်အဆင့်ဆီ ရောက်ရှိနေပြီလို့ သိရပါတယ်။ ဒီပြောင်းလဲမှုကြောင့် ဥရောပစူပါဖလားပြိုင်ပွဲကို ကမ္ဘာလုံးဆိုင်ရာစိတ်ဝင်စားမှုနဲ့ ရုပ်သံလွှင့်ခွင့်ဝင်ငွေပိုမိုရရှိနိုင်ရေးအတွက် အမေရိကန်(သို့မဟုတ်)အရှေ့အလယ်ပိုင်းဒေသရှိ ကွင်းကြီးတွေမှာ ပြောင်းလဲကျင်းပသွားနိုင်ပါတယ်။
ပီအက်စ်ဂျီနဲ့ တော့တင်ဟမ်တို့ရင်ဆိုင်ရတဲ့ ဒီနှစ်အတွက် ဥရောပစူပါဖလားဖိုင်နယ်ပွဲစဉ်ကို အီတလီနိုင်ငံမှာ ပထမဆုံးအကြိမ်အဖြစ် ကျင်းပခဲ့ပါတယ်။ ဒီပွဲစဉ်ကိုလက်ခံကျင်းပခဲ့တဲ့ဘောလုံးကွင်းကတော့ အူဒီးနိစ်မြို့ရှိ ပရိသတ်ဦးရေ ၂၅,၀၀၀ ဆံ့ Stadio Friuli ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဥရောပမြို့ကြီးတွေအကြား ပြိုင်ပွဲအပေါ် စိတ်ဝင်စားမှုမရှိခြင်းကို မီးမောင်းထိုးပြသမှုအဖြစ် ဒီဘောလုံးကွင်းကသာ ဖိုင်နယ်ပွဲစဉ်ကျင်းပဖို့အတွက် လျှောက်ထားလာတဲ့ တစ်ခုတည်းသောတောင်းဆိုမှု ဖြစ်ခဲ့ပါတယ်။ ယူအီးအက်ဖ်အေဥက္ကဋ္ဌစီဖာရင်ကလည်း အမေရိကန်မြေမှာ ကလပ်အသင်းအဆင့် ဥရောပထိပ်တန်းပွဲစဉ်တွေကို ကျင်းပသွားဖွယ်ရှိတယ်လို့ ပြောကြားခဲ့ဖူးပါတယ်။ ပြိုင်ပွဲဝင်ကလပ်အသင်းလေးခုပါ စပိန်စူပါဖလားပြိုင်ပွဲကတော့ ၂၀၂၀ ပြည့်နှစ်ကတည်းက ဆော်ဒီနိုင်ငံမှာ ကျင်းပနေခဲ့တာပါ။
ဥရောပစူပါဖလားပြိုင်ပွဲကို ၁၉၇၃ ခုနှစ်မှာ စတင်ကျင်းပခဲ့ပြီး ပထမဆုံးပွဲစဉ်အဖြစ် အေဂျက်စ်နဲ့ အေစီမီလန်တို့ ယှဉ်ပြိုင်ကစားရာ ဒတ်ချ်ကလပ်အသင်းက နှစ်ကျော့ပေါင်းရလဒ် ၆-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ပါတယ်။ ၁၉၉၈ ခုနှစ် မတိုင်ခင်အထိ ဥရောပစူပါဖလားပြိုင်ပွဲကို အိမ်ကွင်း၊ အဝေးကွင်း နှစ်ကျော့ယှဉ်ပြိုင်ကစားစေခဲ့ပါတယ်။
ပုံစံသစ်နဲ့ပတ်သက်တဲ့ဆုံးဖြတ်ချက်တစ်ခုကို နောက်တစ်ကြိမ်ရုပ်သံလွှင့်ခွင့်လေလံပွဲမစတင်ခင် ချမှတ်သွားမယ်လို့ မျှော်လင့်ရပါတယ်။ ဒီကိစ္စကိုအတည်ပြုနိုင်မယ်ဆိုရင် ဥရောပစူပါဖလားပြိုင်ပွဲပုံစံသစ်ပွဲဦးထွက်ကို ၂၀၂၆-၂၀၂၇ ဘောလုံးရာသီမတိုင်ခင် ပထမဆုံးအကြိမ်အဖြစ် ဥရောပပြင်ပမှာ မြင်တွေ့ရနိုင်ပါတယ်။