
ယူနိုက်တက်အတွက် ဘာနေဗျူးလို အထင်ကရအားကစားကွင်းကြီးဆောက်လုပ်ဖို့ စီစဉ်ထားကြောင်း ပြောကြားလာတဲ့ ရက်ကလစ်ဖ်
မန်ချက်စတာယူနိုက်တက်ရဲ့ တွဲဖက်ပိုင်ရှင် ဆာဂျင်မ်ရက်ကလစ်ဖ်က အသင်းအတွက် တည်ဆောက်ဖို့စီစဉ်ထားတဲ့ အိုးလ်ထရက်ဖို့ဒ်အားကစားကွင်းသစ်ကြီးကို ဆန်တီယာဂိုဘာနေဗျူးနဲ့ နူးကမ့်တို့လို အထင်ကရ အားကစားကွင်းတစ်ခုအဖြစ် ပုံဖော်သွားမှာဖြစ်ကြောင်း ပြောကြားလာခဲ့ပါတယ်။
ရက်ကလစ်ဖ်က "ကွင်းကိုဆောက်လုပ်ဖို့အတွက် ငွေကြေးပြဿနာ မရှိပါဘူး။ ဒါပေမယ့် ဒါက မန်ချက်စတာတောင်ပိုင်းမှာ ပြုပြင်မွမ်းမံမှုတွေပြုလုပ်သွားမယ့် အစိုးရရဲ့ အစီအစဉ်တွေထဲမှာ တစ်စိတ်တစ်ပိုင်းအနေနဲ့ ပါဝင်သွားမှာပါ။ ဒီကွင်းကို ဆောက်လုပ်ဖို့ ကျွန်တော်တို့အနေနဲ့ ငွေရေးကြေးရေးကိစ္စကို အစိုးရဆီကနေ တောင်းဆိုသွားမှာမဟုတ်ပါဘူး။ အဲဒီပတ်ဝန်းကျင်က အခြားကိစ္စတွေကိုတော့ ကျွန်တော်တို့လည်းမတတ်နိုင်လို့ တောင်းဆိုမှုအချို့ ပြုလုပ်သွားရပါမယ်"
"အသင်းအတွက် အထင်ကရ အားကစားကွင်းကြီးတစ်ကွင်းကို ဆောက်လုပ်ဖို့ဆန္ဒရှိပြီး ကမ္ဘာတစ်ဝှမ်းက ဘီလီယံချီတဲ့ပရိသတ်တွေအားလုံး မန်ချက်စတာကိုလာပြီး ကွင်းထဲမှာလည်ပတ်ချင်လောက်တဲ့အထိတော့ ဖြစ်ချင်ပါတယ်။ ဒါက အသင်းရဲ့တန်ဖိုးအတွက်ရော မြောက်ပိုင်းရဲ့စီးပွားရေးအခြေအနေအတွက်ပါ တိုးတက်မှုတွေဖြစ်လာစေမှာပါ" လို့ပြောကြားခဲ့ပါတယ်။
ဂယ်ရီနဗီးလ်နဲ့ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာတော့ ရက်ကလစ်ဖ်က "ယူနိုက်တက်က ကမ္ဘာ့အကြီးကျယ်ဆုံး ဘောလုံးကလပ်ပါ။ ဒါကြောင့် အားကစားကွင်းသစ်ဆောက်လုပ်မယ်ဆိုရင် အသင်းနဲ့လိုက်လျောညီထွေဖြစ်ဖို့လိုသလို၊ လိဂ်အတွက်လည်း လိုက်လျောညီထွေဖြစ်ရပါမယ်။ ပရီးမီးယားလိဂ်ကလည်း ကမ္ဘာပေါ်မှာ အကြီးကျယ်ဆုံး လိဂ်တစ်ခုပါ။ လက်ရှိအချိန် ပရီးမီးယားလိဂ်မှာ အထင်ကရ အားကစားကွင်းအချို့ရှိပေမယ့် ဘာနေဗျူးနဲ့ နူးကမ့်တို့လို့ ကွင်းမျိုးတွေမရှိပါဘူး။ ပရီးမီးယားလိဂ်က ကမ္ဘာ့အကောင်းဆုံးလိဂ်ဖြစ်နေပေမယ့် ဘာနေဗျူးလိုကွင်းတွေ ရှိမနေပါဘူး"
"ပြီးတော့ မြောက်အင်္ဂလန်အသင်းတွေက ချန်ပီယံလိဂ်ဖလားကို ၁၀ ကြိမ်အထိဆွတ်ခူးထားပြီး လန်ဒန်ကလပ်တွေက ၂ ကြိမ်ဆွတ်ခူးထားပါတယ်။ ဒါကြောင့် အင်္ဂလန်မြောက်ပိုင်းမှာ အထင်ကရ ဘောလုံးအားကစားကွင်းရှိဖို့လိုအပ်ပါတယ်။ ကျွန်တော့်အနေနဲ့ အများကြီးပြောစရာတော့မရှိပါဘူး။ နော်မန်ဖော်စတာက ကမ္ဘာ့အတော်ဆုံး ဗိသုကာပညာရှင်စာရင်းထဲမှာပါပါတယ်။ သူပြထားတဲ့ ကွင်းရဲ့ဒီဇိုင်းက မယုံနိုင်စရာကောင်းအောင်ကို ထူးခြားပါတယ်။ လာမယ့် ၅ နှစ်၊ ၆ နှစ်အတွင်းမှာ ကျွန်တော်တို့ အဲဒီကွင်းသစ်ကြီးကို အသုံးပြုနိုင်မှာပါ" လို့ပြောကြားခဲ့ပါတယ်။