ယူနိုက်တက်အနေနဲ့ ကာရစ်ကို အမြဲတမ်းနည်းပြအဖြစ် မခန့်အပ်သင့်ကြောင်းပြောကြားလာတဲ့ နဗီးလ်
မန်ချက်စတာယူနိုက်တက်ကစားသမားဟောင်း ဂယ်ရီနဗီးလ်က အသင်းအနေနဲ့ ကွင်းလယ်လူဟောင်း မိုက်ကယ်ကာရစ်ကို ယခုနှစ်ရာသီကုန်အထိ ယာယီနည်းပြအဖြစ် ခန့်အပ်ထားပေမယ့် ရာသီကုန်မှာတော့ အမြဲတမ်းနည်းပြအဖြစ် ဆက်လက်ခန့်အပ်သွားဖို့ မသင့်တော်ကြောင်း ပြောကြားလာခဲ့ပါတယ်။
ယူနိုက်တက်ဟာ ရူဘင်အာမိုရင်ကို ရာထူးမှထုတ်ပယ်ခဲ့ပြီးနောက် ကာရစ်ကို ရာသီကုန်အထိ ယာယီနည်းပြသစ်အဖြစ် ခန့်အပ်ထားခဲ့တာဖြစ်ပါတယ်။ ယူနိုက်တက်ရဲ့တာဝန်ရှိသူတွေဟာ ကာရစ်ကို လာမယ့်နွေရာသီမှာ အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်သွားဖို့ စဉ်းစားနေပြီး လက်ရှိယာယီတာဝန်ယူကိုင်တွယ်နေစဉ်အတွင်း ကာရစ်ရဲ့စွမ်းဆောင်ရည်တွေကို စောင့်ကြည့်သွားမှာဖြစ်ပါတယ်။
ယူနိုက်တက်အနေနဲ့ အင်္ဂလန်လက်ရွေးစင်နည်းပြ သောမတ်စ်တူချယ်လ်နဲ့ ဆွေးနွေးမှုတွေပြုလုပ်ခဲ့သေးပေမယ့် တူချယ်လ်ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲပြီးဆုံးချိန်အထိ အင်္ဂလန်နဲ့ စာချုပ်သက်တမ်းကျန်ရှိနေပါသေးတယ်။ ဒါ့အပြင် ယူနိုက်တက်ဟာ ခရစ္စတယ်ပဲလေ့စ်နည်းပြ အိုလီဗာဂလက်စ်နာနဲ့ ပီအက်စ်ဂျီနည်းပြ လူးဝစ်အင်းနရစ်တို့ကိုလည်း ချိတ်ဆက်မှုတွေပြုလုပ်ထားတယ်လို့သိရပါတယ်။
သတင်းတွေအရ အသင်းရဲ့ပူးတွဲပိုင်ရှင် ဆာဂျင်မ်ရက်ကလစ်ဖ်ဟာ ကလပ်ရဲ့ရေရှည်စီမံကိန်းအတွက် လူငယ်နည်းပြတွေကို အသုံးပြုဖို့ထက် ဆုဖလားအောင်မြင်မှု ချက်ချင်းရယူပေးနိုင်မယ့် ထိပ်တန်းနည်းပြမျိုးကိုသာ အလိုရှိနေတယ်လို့ သိရပါတယ်။
ယခုအခါမှာ နဗီးလ်က ကာရစ်အနေနဲ့ သူ့လက်ထက်မှာ ယူနိုက်တက်အတွက် ပွဲတိုင်းအနိုင်ရရှိအောင်စွမ်းဆောင်နိုင်ခဲ့ရင်တောင် ယူနိုက်တက်အနေနဲ့ အမြဲတမ်းနည်းပြအဖြစ် မခန့်အပ်သင့်ကြောင်း ယူဆနေတာဖြစ်ပါတယ်။ နဗီးလ်က "ကာရစ် အကောင်းဆုံးလုပ်ဆောင်နိုင်ပါစေလို့ ကျွန်တော်ဆုတောင်းပါတယ်။ ရာသီကုန်မှာ အသင်းက အဆင့် ၅ နေရာနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ပြန်ရပြီး ပရိသတ်တွေ အားတက်လာတာမျိုးဖြစ်နိုင်ပါတယ်။ ဒီအခါမှာ ပရိသတ်တွေအနေနဲ့ ကာရစ်အပေါ် စိတ်ယိုင်သွားနိုင်ပါတယ်"
"ဒါပေမယ့် ကာရစ်အတွက်ရော၊ ယူနိုက်တက်အတွက်ပါကြည့်ရင် သူ့အနေနဲ့ ပွဲတိုင်းကိုအနိုင်ရခဲ့ရင်တောင် ရာသီကုန်မှာ နည်းပြအဖြစ် ဆက်ရှိနေဖို့ မသင့်တော်ပါဘူး။ အာမိုရင် ထုတ်ပယ်ခံရပြီးချိန်မှာ ကာရစ်၊ ဆိုးလ်ရှားနဲ့ နစ္စတယ်ရွိုင်းတို့လို နည်းပြတွေရေပန်းစားလာတာက အသင်းရဲ့ အောင်မြင်မှုလမ်းကြောင်းကနေ သွေဖယ်နေသလိုပါပဲ" လို့ပြောကြားခဲ့ပါတယ်။