မိုက်ကယ်ကားရစ်ကို အမြဲတမ်းနည်းပြခန့်မလားဆိုတဲ့အပေါ် ယူနိုက်တက်ရဲ့ တရားဝင်သဘောထားကို ဂယ်ရီနဗီးလ် ဖွင့်ဟ
မန်ချက်စတာယူနိုက်တက် ဂန္ထဝင်နောက်ခံလူဟောင်း ဂယ်ရီနဗီးလ်က ယာယီနည်းပြ မိုက်ကယ်ကာရစ်ကို အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်ဖို့ ရှိ၊ မရှိနဲ့ ပတ်သက်ပြီး အသင်းပိုင်ရှင် အီနီယော့စ်အဖွဲ့ရဲ့ တရားဝင်ရပ်တည်ချက်ကို ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
မိုက်ကယ်ကာရစ်ဟာ နည်းပြဟောင်း ရူဘင်အာမိုရင်ရဲ့နေရာမှာ အစားထိုးဝင်ရောက်လာပြီးနောက် အသင်းကို ရာသီကုန်အထိ တာဝန်ယူကိုင်တွယ်ရန် စာချုပ်ချုပ်ဆိုထားသူ ဖြစ်ပါတယ်။ ၎င်းဟာ တာဝန်ယူပြီးကတည်းက အသင်းအတွက် အိပ်မက်ဆန်တဲ့ ရလဒ်ကောင်းတွေကို ဖော်ဆောင်ပေးထားတာပါ။
ကာရစ်ရဲ့ လက်ထက်မှာ မန်ချက်စတာယူနိုက်တက်အသင်းဟာ မန်စီးတီး၊ အာဆင်နယ်၊ ဖူလ်ဟမ်နဲ့ တော့တင်ဟမ်ဟော့စပါးတို့လို အသင်းကြီးတွေကို ဆက်တိုက်အနိုင်ယူပြီး ပရီးမီးယားလိဂ် ၄ ပွဲဆက် အနိုင်ရလဒ်ကို ပိုင်ဆိုင်ထားပါတယ်။ ဒီရလဒ်တွေကြောင့်လည်း အသင်းရဲ့ ချန်ပီယံလိဂ်ဝင်ခွင့် မျှော်လင့်ချက်တွေဟာ ပြန်လည်အားကောင်းလာခဲ့တာပါ။
မူလက ကာရစ်ကို နွေရာသီအထိသာ ယာယီကိုင်တွယ်စေပြီးမှ အသင်းရဲ့ ရေရှည်စီမံကိန်းအတွက် ထိပ်တန်းနည်းပြတစ်ဦးကို ခန့်အပ်ဖို့ မန်ယူအသင်းက ရည်ရွယ်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း ကားရစ်က ရလဒ်ကောင်းတွေ ဆက်တိုက်ဖော်ဆောင်နေတာကြောင့် သူ့ကို အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်ဖို့ ဝိုင်းဝန်းတောင်းဆိုမှုတွေလည်း ရှိလာခဲ့ပါတယ်။
တော့တင်ဟမ်ဟော့စပါးကို ၂ ဂိုး ဂိုးမရှိနဲ့ အပြတ်အသတ် အနိုင်ရရှိခဲ့တဲ့ပွဲအပြီးမှာတော့ နဗီးလ်က အီနီယော့စ်ရဲ့ တရားဝင်သဘောထားကို အခုလိုပဲ ဖွင့်ဟခဲ့တာပါ။
"ကျွန်တော် အသင်းဆီကို တိုက်ရိုက်မေးမြန်းခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သတင်းထောက်တွေနဲ့ မီဒီယာတွေက အသင်းရဲ့ ရပ်တည်ချက်ကို အမြဲမေးနေကြလို့ပါ။ ဒါဟာ တကယ်ကို ခက်ခဲတဲ့ အခြေအနေတစ်ခုပါ" လို့ နဗီးလ်က ပြောကြားခဲ့ပါတယ်။
၎င်းက ဆက်လက်ပြီး "ကာရစ်ကို အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်သင့်တယ်ဆိုတဲ့ လှုပ်ရှားမှုတွေကလည်း အားကောင်းနေပါတယ်။ အသင်းက ကျွန်တော့်ကို ပြန်ဖြေတာကတော့ အတော်လေးကို ကောင်းမွန်ပါတယ်။ သူတို့ဟာ နည်းပြသစ်ရှာဖွေဖို့ လုပ်ငန်းစဉ်တွေကို အခုကတည်းက စတင်နေပြီလို့ ဆိုပါတယ်" လို့ ဖွင့်ဟခဲ့ပါတယ်။
အသင်းအနေနဲ့ အဘက်ဘက်က ကြိုတင်ပြင်ဆင်ထားဖို့ လိုအပ်တဲ့အတွက် အခြားသော နည်းပြလောင်းတွေနဲ့ စကားပြောတာ၊ အချက်အလက်တွေ စုဆောင်းတာနဲ့ နည်းပြသစ်အတွက် လေ့လာဆန်းစစ်တာတွေကို စတင်နေပြီလို့ သိရပါတယ်။
ဒါပေမဲ့လည်း လာမယ့်လတွေအတွင်း ကွင်းတွင်းရလဒ်တွေ ဘယ်လိုပဲဖြစ်ဖြစ်၊ နိုင်ပွဲရသည်ဖြစ်စေ၊ ရှုံးသည်ဖြစ်စေ အသင်းတာဝန်ရှိသူတွေအနေနဲ့ အလျင်စလို ဆုံးဖြတ်မှာမဟုတ်ဘဲ ရာသီကုန်အထိ စောင့်ကြည့်သွားမှာဖြစ်ကြောင်း အီနီယော့စ်က အသိပေးထားပါတယ်။
အကယ်၍ ကားရစ်က အမြဲတမ်းနည်းပြအဖြစ် ဆက်ရှိနေလိုတယ်ဆိုရင်လည်း သောမတ်စ်တူချယ်တို့လို နွေရာသီမှာ ရရှိနိုင်မယ့် ထိပ်တန်းနည်းပြတွေနဲ့အတူ ရွေးချယ်ခံရမယ့် လုပ်ငန်းစဉ်ထဲမှာ ပါဝင်ရမှာ ဖြစ်ပါတယ်။
"မိုက်ကယ်ကာရစ်က အသင်းရဲ့ အကျိုးစီးပွားကို အမြဲဦးစားပေးတဲ့သူပါ။ သူက သူ့နာမည်ကို နည်းပြလောင်းစာရင်းထဲ ထည့်ချင်ရင်လည်း ထည့်နိုင်ပါတယ်။ အဲ့ဒီအချိန်ကျရင်တော့ သူဟာ တခြားထိပ်တန်းနည်းပြတွေနဲ့အတူ လုပ်ငန်းစဉ်အတိုင်း ယှဉ်ပြိုင်ရမှာပါ။ ဒါဟာ မျှတတဲ့ လုပ်ဆောင်ချက်လို့ ကျွန်တော်ထင်ပါတယ်" လို့ ဂယ်ရီနဗီးလ်က သုံးသပ်ပြောကြားခဲ့ပါတယ်။