The network connection is lost.

Banner Image

အာမိုရင်ကို အပြောင်းအရွှေ့စျေးကွက်မှာ အပြည့်အဝထောက်ပံ့သွားမယ်လို့ ယူနိုက်တက် ကတိပြု

ယူနိုက်တက်အားကစားဒါရိုက်တာ ဂျေဆင်ဝေးလ်ကော့စ်ရဲ့ ပြောကြားချက်အရ အသင်းဟာ လူစာရင်းကို အားဖြည့်ဖို့အတွက် ရှင်းလင်းတဲ့ စီမံကိန်း တစ်ခုရဲ့ အစိတ်အပိုင်းအနေနဲ့ နည်းပြချုပ် ရူဘင်အာမိုရင်ကို အပြောင်းအရွှေ့ဈေးကွက်မှာ ငွေကြေးသုံးစွဲမှုတွေနဲ့ ပံ့ပိုးကူညီသွားဖို့ အတည်ပြုလိုက်ပါတယ်။

အသင်းရဲ့ တရားဝင်ဝက်ဘ်ဆိုဒ်နဲ့ တွေ့ဆုံမေးမြန်းမှုမှာ ဝေးလ်ကော့စ်က အဓိက ဆုဖလားကြီးတွေအတွက် ပုံမှန်ယှဉ်ပြိုင်နိုင်ဖို့ ရည်မှန်းထားတာကြောင့် လာမယ့် ဇန်နဝါရီ ဒါမှမဟုတ် နွေရာသီ အပြောင်းအရွှေ့မှာ အားဖြည့်လိုတဲ့ ကစားသမားနေရာတွေကို ကြိုတင်သတ်မှတ်ထားပြီးဖြစ်တယ်လို့ ဆိုပါတယ်။

ဝေးလ်ကော့စ်က "ကျွန်တော်တို့မှာ ရှင်းလင်းတဲ့ စီမံကိန်းတစ်ခု ရှိပါတယ်။ အသင်းမှာ တိုးတက်ဖို့လိုအပ်တဲ့ နေရာတွေကို ကျွန်တော်တို့ သိပါတယ်။ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်မှာ ပုံမှန်စိန်ခေါ်နိုင်ဖို့ဆိုရင် အသင်းအတွက် ရင်းနှီးမြှုပ်နှံပြီး မှန်ကန်တဲ့ ကစားသမားတွေကို ဝယ်ယူရပါမယ်။ အဲ့ဒီကစားသမားတွေဟာ အရည်အချင်းရှိပြီး ဖိအားဒဏ်ကို ခံနိုင်ရည်ရှိတဲ့သူတွေ ဖြစ်ရပါမယ်။"လို့ ပြောခဲ့ပါတယ်။

၂၀၂၄ ခုနှစ် နိုဝင်ဘာလမှာ အာမိုရင် တာဝန်ယူခဲ့ပြီးနောက်ပိုင်း ယူနိုက်တက်အသင်းဟာ ကစားသမားသစ် ခေါ်ယူမှုတွေအတွက် ပေါင် သန်း ၂၅၀ ခန့် သုံးစွဲခဲ့ပြီး ဖြစ်ပါတယ်။  ဒီရင်းနှီးမြှုပ်နှံမှုက အသီးအပွင့်တွေ စတင်ခံစားနေရပြီး ဆန်းဒါးလန်း၊ လီဗာပူးနဲ့ ဘရိုက်တန်တို့ကို သုံးပွဲဆက် အနိုင်ရရှိခဲ့တာကြောင့် အာမိုရင်မှာ ရှိနေတဲ့ ဖိအားတွေကို လျော့ကျစေခဲ့ပါတယ်။

အသင်းရဲ့ ပူးတွဲပိုင်ရှင်ဖြစ်သူ ဆာဂျင်မ်ရက်ကလစ်ဖ်ကလည်း အာမိုရင်ကို သူ့ရဲ့စီမံကိန်းတည်ဆောက်ဖို့အတွက် အချိန်သုံးနှစ်ပေးသွားမယ်လို့ မကြာသေးမီက ပြောကြားခဲ့ပါတယ်။  ဒီသဘောထားကို ဝေးလ်ကော့စ်ကလည်း ထောက်ခံပြောဆိုခဲ့ပြီး ရလဒ်တွေ အတက်အကျရှိနေရင်တောင် အသင်းအနေနဲ့ စိတ်ရှည်သည်းခံသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

ဝေးလ်ကော့စ်က"ကျွန်တော်တို့ ဒီအရှိန်ကို ဆက်ထိန်းထားရုံပါပဲ။ နိုင်တဲ့အခါမှာလည်း အရမ်းမြောက်မသွားဖို့၊ ရှုံးတဲ့အခါမှာလည်း အရမ်းစိတ်ဓာတ်မကျဖို့ပါပဲ။ ကျွန်တော်တို့ တိုးတက်နေတယ်ဆိုတာ သိပါတယ်။ လမ်းမှာတော့ အခက်အခဲလေးတွေ ရှိမှာပါ။ ဒါပေမဲ့ အပြင်က ဘယ်လိုအသံတွေပဲ ထွက်နေပါစေ ကျွန်တော်တို့ တည်ငြိမ်နေမှာပါ။"လို့ ဆိုပါတယ်။ ယူနိုက်တက်အသင်းဟာ စနေညမှာ ဒီနှစ်ရာသီ ရုန်းကန်နေရတဲ့ နော်တင်ဟမ်ဖောရက်စ်နဲ့ ဆက်လက်ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။