The network connection is lost.

Banner Image

လတ်တလောအရှုပ်တော်ပုံနဲ့ပတ်သက်လို့ မန်စီးတီးကစားသမားတွေဆီ သတင်းစကားပေးပို့လာတဲ့ ရွိုင်ကိန်း

အခုရက်ပိုင်းအတွင်း ထွက်ပေါ်လာတဲ့ မန်စီးတီးအသင်းနဲ့ပတ်သက်တဲ့ စွဲချက်တွေအတွက် ကစားသမားတွေကိုယ်တိုင် သူတို့ရဲ့ဆုတံဆိပ်တွေကို တန်ဖိုးမထားသင့်တော့ဘူးလို့ မန်ချက်စတာယူနိုက်တက်ဂန္တဝင်ရွိုင်ကိန်းက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ပရီးမီးယားလိဂ်က စွဲဆိုထားတဲ့ ဘဏ္ဍာရေးစည်းမျဉ်းချိုးဖောက်မှု စွဲချက် ၁၁၅ ခုအနက် အများစုမှာ မန်စီးတီးအသင်း အပြစ်ရှိတယ်ဆိုတာ တွေ့ရှိခဲ့ကြပါတယ်။ ကလပ်အသင်းဘက်ကတော့ ဒီစီရင်ဆုံးဖြတ်ချက်အပေါ် အယူခံဝင်ဖို့ ပြင်ဆင်နေပြီး အောက်တိုဘာ ၂ ရက်အထိ အချိန်သတ်မှတ်ချက် ရရှိထားပါတယ်။

မန်စီးတီးအပေါ် စွဲဆိုထားတဲ့ စွဲချက်တွေအနက် စပွန်ဆာဝင်ငွေ ဖောင်းပွအောင် ပြုလုပ်ခဲ့မှုနဲ့ ဟန်ပြစာချုပ်ချုပ်ဆိုမှုဆိုင်ရာ စွဲချက်တွေ အဓိကပါဝင်ပါတယ်။ ဒီလိုစွဲချက်တွေကြောင့် မန်စီးတီးရရှိထားတဲ့ ဆုဖလားတွေ ရုပ်သိမ်းခံရမယ့် အန္တရာယ်နဲ့ ပရီးမီးယားလိဂ်မှ ထုတ်ပယ်ခံရမယ့် အန္တရာယ်တွေ ဖြစ်ပေါ်လာခဲ့ပါတယ်။

၂၀၀၉-၂၀၁၀ ဘောလုံးရာသီမှ ၂၀၁၇-၂၀၁၈ ဘောလုံးရာသီအထိ ပရီးမီးယားလိဂ်ချန်ပီယံဆုကို မန်စီးတီးတို့ သုံးကြိမ်တိုင်တိုင် ဆွတ်ခူးခဲ့ပြီး မန်စီးတီးချန်ပီယံဖြစ်ခဲ့တဲ့ဘောလုံးရာသီတွေမှာ ဒုတိယရရှိခဲ့တဲ့အသင်းတွေဆီ ချန်ပီယံဆုတံဆိပ်လွှဲပြောင်းပေးဖို့ကိုလည်း ပြိုင်ဘက်ပရိသတ်တွေနဲ့ ကစားသမားဟောင်းတွေ တောင်းဆိုလာကြပါတယ်။

ဒီကာလအတွင်း ဒုတိယနေရာနဲ့သာ ရာသီသိမ်းခဲ့ရတဲ့ ရီယိုဖာဒီနန်၊ ဟိုဆေးအင်းနရစ်နဲ့ ဒေးဗစ်ဒီဂီယာတို့က လက်ရှိအခြေအနေနဲ့ပတ်သက်လို့ မှတ်ချက်ပြုပြောကြားခဲ့သလို အခုလည်း ရွိုင်ကိန်းက မန်စီးတီးကြယ်ပွင့်တွေကိုယ်တိုင် သူတို့ရဲ့ဆုတံဆိပ်တွေကို အမှိုက်ပုံးထဲ လွှင့်ပစ်လိုက်ကြဖို့ တိုက်တွန်းလာခဲ့ပါတယ်။

ချက်နဲ့ကစားရမယ့် အင်္ဂလန်ရဲ့ပွဲစဉ်မတိုင်ခင် ITV Sport နဲ့တွေ့ဆုံချိန် ရွိုင်ကိန်းက "ကျွန်တော်သာ ကစားသမားတစ်ဦးဆိုရင် အဲဒီဆုတံဆိပ်တွေကို အမှိုက်ပုံးထဲ သေချာပေါက် လွှင့်ပစ်မိပါလိမ့်မယ်" လို့ ပြောကြားခဲ့ပါတယ်။

"လွှင့်ပစ်ရပါမယ်။ ဒါက မသမာမှု လုပ်ခဲ့တာလေ"

"ကွင်းပြင်ပမှာ မသမာမှုတွေ ပြုလုပ်နေခဲ့လို့သာ သူတို့က ကွင်းတွင်းမှာ အနိုင်ရရှိခဲ့ကြတာပါ" လို့ ဆိုပါတယ်။

မန်စီးတီးအသင်းတာဝန်ရှိသူတွေနဲ့ပတ်သက်လို့လည်း ရွိုင်ကိန်းက "ဒါ လူတော်တော်များများကို ထိခိုက်စေမယ်ဆိုတာ သူတို့ သိခဲ့ကြပေမဲ့ အဲဒီလိုပဲ လုပ်ခဲ့ကြပါတယ်" လို့ ထပ်လောင်း ပြောဆိုခဲ့ပါတယ်။

မန်စီးတီးအသင်း ပရီးမီးယားလိဂ်ချန်ပီယံဆုဆွတ်ခူးခဲ့တဲ့ ဘောလုံးရာသီသုံးခုအတွင်း စပွန်ဆာကြေးအဖြစ် ပေါင်သန်း ၃၆၀ ရရှိခဲ့တယ်လို့ မှတ်တမ်းတင်ထားပေမဲ့ ဒီငွေကြေးတွေအနက် ပေါင် ၄၃ သန်းသာ တရားဝင်ဖြစ်ခဲ့တယ်လို့ ဘီဘီစီရဲ့ဖော်ပြချက်အရ သိရပါတယ်။

ဒါပေမဲ့ လာမယ့်ရက်ပိုင်းအတွင်း မန်စီးတီးရဲ့အယူခံလျှောက်ထားမှု ရှိလာနိုင်လို့ အမှုလုပ်ငန်းစဉ်တွေ ဆက်လက်ဖြစ်ပေါ်နေချိန် အသင်းအတွက် ပြစ်ဒဏ်ချမှတ်ဖို့ဆိုတာ နှစ်ပေါင်းများစွာ ကြာမြင့်သွားနိုင်ပါတယ်။