ပေါ်တိုနဲ့ပွဲစဉ်အတွင်း ပြသခဲ့တဲ့ မန်စီးတီးအသင်းရဲ့ စိတ်ဓါတ်ပိုင်းဆိုင်ရာ စရိုက်လက္ခဏာကို မာရက်စ်ကာ ချီးကျူး
ပေါ်တိုကို ၀-၂ ဂိုးဖြင့် အနိုင်ရရှိမှုနဲ့အတူ ၂၀၂၆-၂၀၂၇ ဘောလုံးရာသီ၊ ချန်ပီယံလိဂ်ပြိုင်ပွဲကို နိုင်ပွဲဖြင့် စတင်ခဲ့ပြီးနောက် အန်ဇိုမာရက်စ်ကာက မန်စီးတီးအသင်းရဲ့ စိတ်ဓါတ်ပိုင်းဆိုင်ရာ စရိုက်လက္ခဏာကို ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။
အခုပွဲစဉ်မှာ မန်စီးတီးက ဟာလန်းရဲ့သွင်းဂိုးနှစ်ဂိုးနဲ့အတူ ၂၀၂၆ ခုနှစ်အတွင်း ပေါ်တိုရဲ့အိမ်ကွင်းမှာ ပထမဆုံးအနိုင်ရရှိတဲ့ ကလပ်အသင်း ဖြစ်လာပါတယ်။
အိမ်ကွင်းပရိတ်သတ်တွေရဲ့အပြင်းအထန်အားပေးမှုတွေ ရှိခဲ့ပေမဲ့ ဧည့်သည်မန်စီးတီးက ပေါ်တိုအသင်းအတွက် ဂိုးပေါက်တည့်ကန်ချက် တစ်ကြိမ်မှမရှိအောင် တားဆီးနိုင်ခဲ့သလို နောက်ထပ်သွင်းဂိုးတွေ ရရှိဖို့အတွက်လည်း ပြိုင်ဘက်ဂိုးပေါက်ဆီ ခြိမ်းခြောက်နိုင်ခဲ့ပါတယ်။
"ဒါက ပွဲချိန် ၉၅ မိနစ်တာ ကာလတလျှောက်လုံး ဘောလုံးပိုင်ဆိုင်ထားချိန်မှာရော၊ ဘောလုံးဆုံးရှုံးထားချိန်မှာပါ ပြီးပြည့်စုံတဲ့ စွမ်းဆောင်ရည်မျိုး ပြသနိုင်ခဲ့တာပါ" လို့ မာရက်စ်ကာက ပြောကြားခဲ့ပါတယ်။
"ကျွန်တော်တို့က ပထမပိုင်းမှာတင် ပွဲကိုအနိုင်ယူဖို့အတွက် လုံလောက်တဲ့ အခွင့်အရေးတွေ ဖန်တီးနိုင်ခဲ့ပေမဲ့ သူတို့ရဲ့ဂိုးသမား တကယ်ကို လက်စွမ်းပြခဲ့ပါတယ်"
"ဒုတိယပိုင်းမှာလည်း ဒီပုံစံအတိုင်းပဲ ဆက်လက်ကစားဖို့ ကျွန်တော်တို့ ကြိုးစားခဲ့ကြပါတယ်"
"တစ်ပွဲချင်းစီအလိုက် ဖြတ်သန်းသွားရပါလိမ့်မယ်။ ပြိုင်ပွဲချင်း မတူသလို၊ ကွင်းချင်းလည်း မတူပါဘူး။ ဒါပေမဲ့ အရေးကြီးဆုံးအချက်က ကျွန်တော်တို့ ဘယ်သူလဲဆိုတာကို ပြသနိုင်ခဲ့ဖို့ပါပဲ"
"ကျွန်တော်တို့က ဘောလုံးမရှိတဲ့အချိန်မှာ ပြင်းပြင်းထန်ထန်ကစားဖို့ ကြိုးစားပြီး ဘောလုံးရရှိထားချိန်မှာတော့ ပွဲကို ဘယ်လိုအနိုင်ယူမလဲဆိုတာကို စနစ်တကျစီစဉ်ထားပါတယ်"
"ကျွန်တော်တို့ ဘယ်အဆင့်အတန်းဆီ ရောက်နေပြီလဲဆိုတာတော့ မသိသေးပါဘူး။ ဒါပေမဲ့ တစ်ပွဲပြီးတစ်ပွဲ ပိုမိုတိုးတက်လာတယ်ဆိုတာကိုတော့ မြင်တွေ့နေရပါတယ်" လို့ ဆိုပါတယ်။