ယူရိုအောင်ပွဲအပြီး ဘော်လွန်းဒီအော်ဆုနဲ့ ထိုက်တန်တဲ့ စပိန်သားကို ထုတ်ဖော်ပြောပြလိုက်တဲ့ ရိုဒရီ
ပြီးခဲ့တဲ့တနင်္ဂနွေနေ့၊ ဘာလင်မြို့ဗိုလ်လုပွဲမှာ အင်္ဂလန်အသင်းကို ၂-၁ ဂိုးဖြင့် အနိုင်ယူကာ စပိန်အသင်း ယူရို-၂၀၂၄ ချန်ပီယံဆု ဆွတ်ခူးပြီးနောက် အခုပြိုင်ပွဲရဲ့အကောင်းဆုံး ကစားသမားဆု ရရှိခဲ့တဲ့ ရိုဒရီက သူ့ရဲ့လက်ရွေးစင်အသင်းဖော်တွေအနက် ဘော်လွန်းဒီအော်ဆုနဲ့ ထိုက်တန်သူတစ်ဦးအကြောင်း ထုတ်ဖော်ပြောပြလိုက်ပါတယ်။
အခုလိုဂုဏ်သိက္ခာကြီးမားလှတဲ့ဆုကို လတ်တလောနှစ်တွေအတွင်း လာလီဂါကစားသမားအများစုကသာ ဆွတ်ခူးနိုင်ခဲ့တာပါ။ ဒါပေမယ့် ၁၉၆၀ ပြည့်နှစ်၊ ဘာစီလိုနာ ဂန္တဝင်လူးဝစ်ဆွာရက်ဇ် နောက်ပိုင်း ဒီဆုကို စပိန်သားတွေ မရရှိခဲ့ပါဘူး။ ဒီနောက်ပိုင်းမှာ ၂၀၁၀ ကမ္ဘာ့ဖလားနဲ့ ၂၀၀၈၊ ၂၀၁၂ ယူရိုချန်ပီယံဆုတွေကို ရယူနိုင်ခဲ့တဲ့ စပိန်ဘောလုံးလောကရွှေရောင်မျိုးဆက်ထွက်ပေါ်လာခဲ့ပေမယ့် ဘော်လွန်းဒီအော်ဆုကတော့ စပိန်သားတွေနဲ့ လွဲမြဲလွဲနေခဲ့ပါတယ်။
အခုနှစ်၊ ဘော်လွန်းဒီအော်ဆုအတွက် အင်္ဂလန်ဘက်မှာလည်း ဘယ်လင်ဟမ်၊ ဂိုးမုဆိုး ဟယ်ရီကိန်းတို့လို ကစားသမားတွေရှိသလို ယူရို-၂၀၂၄ ပြိုင်ပွဲရဲ့အကောင်းဆုံး လူငယ်ကစားသမားဆုရ အသက်-၁၇ နှစ်အရွယ် လမိုင်းယာမယ်လ်၊ စပိန်အသင်းအတွက် အခုယူရိုဗိုလ်လုပွဲအဖွင့်ဂိုးရှင် နီကိုဝီလျံစ်တို့လို ကစားသမားတွေလည်း အသင့်ရှိနေပြန်ပါတယ်။
ဘာလင်မြို့ဗိုလ်လုပွဲမှာ အင်္ဂလန်အတွက် လူစားဝင်ကစားသမား ကိုးလ်ပယ်လ်မာက ချေပဂိုးသွင်းယူပေးခဲ့ပေမယ့် စပိန်အသင်းရဲ့ စံချိန်တင်လေးကြိမ်မြောက်ယူရိုချန်ပီယံဆု အတွက် လူစားဝင်ကစားသမား အိုရာဇာဘယ်လ်ရဲ့ ပွဲချိန် ၈၆ မိနစ်သွင်းဂိုးက အဆုံးအဖြတ်ဖြစ်စေခဲ့ပါတယ်။
စပိန်အသင်းက ဂျာမနီမြေယူရိုပြိုင်ပွဲကြီးမှာ ကစားရသမျှပွဲစဉ်တိုင်းကို အနိုင်ရရှိခဲ့သလို ပြိုင်ပွဲသမိုင်းတလျှောက် ဘယ်အသင်းမှ မစွမ်းဆောင်နိုင်ခဲ့တဲ့ မှတ်တမ်းတစ်ရပ်ဖြစ်တဲ့ သွင်းဂိုး ၁၅ ဂိုးဆိုတဲ့မှတ်တမ်းကိုလည်း ရေးထိုးနိုင်ခဲ့ပါတယ်။
ဗိုလ်လုပွဲအပြီး မန်စီးတီးကြယ်ပွင့်က “ဘော်လွန်းဒီအော်ဆုနဲ့ စပိန်သားတွေတော့ ထိုက်တန်နေပါပြီ။ အရိုးသားဆုံးပြောရင် ကျွန်တော်တော့ စပိန်ကစားသမားတစ်ဦးဦးကို ဘော်လွန်းဒီအော်ဆု ရစေချင်ပါတယ်။ ဘယ်သူပဲဖြစ်ဖြစ်ပါ။ ဒါဆို အရမ်းကောင်းပါလိမ့်မယ်”လို့ ပြောပါတယ်။
ဂုဏ်သိက္ခာကြီးမားလှတဲ့ဆုကို ဆွတ်ခူးနိုင်ရေး သူ့ရဲ့အခွင့်အလမ်းတွေအကြောင်း မေးမြန်းချိန် ရိုဒရီက “ချန်ပီယံလိဂ်ချန်ပီယံ ရီးရဲလ်မက်ဒရစ်ရဲ့ကာဗာဂျယ်လ်လည်း ဒီဆုနဲ့ထိုက်တန်တယ်လို့ ကျွန်တော် ကြားထားပါတယ်။ တစ်ဦးချင်းအမြင်နဲ့ကြည့်မယ်ဆိုရင်တော့ ကျွန်တော် လုပ်နေတဲ့အရာတွေနဲ့ ကျွန်တော်ရရှိနေတဲ့ အသိအမှတ်ပြုမှုတွေအတွက် အလွန်ဂုဏ်ယူမိပါတယ်။ ဒါပေမယ့် ဘော်လွန်းဒီအော်ဆုအတွက် အကဲဖြတ်မှုတွေကိုတော့ အခြားတစ်ဦးတစ်ယောက်ကပဲ အကဲဖြတ်ရတာပါ”လို့ တုံ့ပြန်ဖြေကြားခဲ့ပါတယ်။