ဘော်လွန်းဒီအော်ဆုမျှော်လင့်ချက်နဲ့ပတ်သက်လို့ ပွင့်ပွင့်လင်းလင်း ဖွင့်ဟဝန်ခံလာတဲ့ ယာမယ်လ်
လက်ရှိအသက်အရွယ်ပိုင်းကြောင့် ၂၀၂၆ ဘော်လွန်းဒီအော်ဆုပြိုင်ဆိုင်မှုမှာ သူ့အတွက် အားနည်းချက်တစ်ခု ဖြစ်လာနိုင်တယ်လို့ ဘာစီလိုနာနဲ့ စပိန်ကြယ်ပွင့် ယာမယ်လ်က ယုံကြည်နေပါတယ်။
ကလပ်အသင်းအတွက်ရော၊ နိုင်ငံ့လက်ရွေးစင်အသင်းအတွက်ပါ နောက်ထပ်စွဲမက်ဖွယ်ကောင်းတဲ့ နှစ်ကာလတစ်ခုကို ဖြတ်သန်းခဲ့ပြီးနောက် အသက် ၁၉ နှစ်အရွယ်ကစားသမားက ဘောလုံးလောကရဲ့ဂုဏ်သိက္ခာအကြီးမားဆုံး တစ်ဦးချင်းထူးချွန်ဆုအတွက် ထိပ်တန်းစကာတင်ကစားသမားတစ်ဦးအဖြစ် ပေါ်ထွက်လာခဲ့ပါတယ်။
ဒါပေမဲ့ သူရဲ့အသက်အရွယ်ငယ်ရွယ်လွန်းနေမှုကြောင့် သူ့ရဲ့လက်ရှိအောင်မြင်မှုတွေကို မဲပေးသူတွေ လျစ်လျူရှုသွားကြမလားဆိုပြီး ယာမယ်လ် စိုးရိမ်နေပါတယ်။
Guardian Sport နဲ့တွေ့ဆုံချိန် သူက "ရိုးရိုးသားသားပွင့်ပွင့်လင်းလင်းပြောရရင် လူတွေ အဲဒီအတွေးကို ပြောင်းလဲမလားဆိုတာ ကျွန်တော် မသိပေမဲ့ လူတွေက ယာမယ်လ်ဆိုတာ အသက် ၁၉ နှစ်ပဲ ရှိသေးတယ်၊ ယာမယ်လ်က အလွန်ထူးချွန်တာကြောင့် တစ်ချိန်ချိန်မှာ ဒီဆုကို သေချာပေါက်ရလိမ့်မယ်လို့ တွေးနေကြမယ်လို့ ယူဆမိပါတယ်" လို့ ပြောပါတယ်။
"ဒါကြောင့် ဥပမာအားဖြင့် အမ်ဘာပေ၊ ဖေဘီယန်ရုဇ်၊ ရိုဒရီ၊ ခဗာရက်စ်ခီလီယာ၊ မက်ဆီ၊ ဟယ်ရီကိန်း စတဲ့သူတွေအတွက် ဒီဆုကို ပေးလိုက်ကြမယ်ပေါ့။ ကျွန်တော်က အမြဲတမ်း ဒီမှာ ရှိနေဦးမှာဖြစ်လို့ နောက်ဆုံးမှာတော့ ဒီဆုရှင်ဖြစ်လာလိမ့်မယ်လို့ သူတို့ ထင်နေကြပါလိမ့်မယ်"
"ဥပမာ အမ်ဘာပေဆိုရင်လည်း သူ ငယ်စဉ်တုန်းက အလားတူကိစ္စမျိုး ကြုံတွေ့ခဲ့ရပါတယ်။ တစ်ချိန်ချိန်မှာ သူ သေချာပေါက်ရလိမ့်မယ်လို့ လူတွေက သူ့ကို ပြောခဲ့ကြပေမဲ့ အဆုံးသတ်မှာတော့ အခုအချိန်အထိ သူ တစ်ကြိမ်မှ မရရှိသေးပါဘူး" လို့ ဆိုပါတယ်။