The network connection is lost.

Banner Image

ပဲလေ့စ်စတားအပြောင်းအရွှေ့အကြောင်း ထုတ်ဖော်ပြောကြားလာတဲ့ ဖာဒီနန်

ယူနိုက်တက်ဂန္ထဝင်ဟောင်း ဖာဒီနန်က ပဲလေ့စ်စတား အီဇီးအနေနဲ့ အာဆင်နယ်ကိုပြောင်းဖြစ်မယ်ဆိုရင် ပွဲထွက်ခွင့်ရုန်းကန်ရနိုင်တယ်လို့ သတိပေးလိုက်ပါတယ်။ အီဇီးကို အာဆင်နယ်အသင်းက ချိတ်ဆက်နေပြီး ကစားသမားကလည်း မြောက်လန်ဒန်မြေကို ပြောင်းချင်နေပါတယ်။ ပဲလေ့စ်ဘက်က အီဇီးကို ပေါင် ၆၈ သန်းတန်ကြေးသတ်မှတ်ထားပြီး အာဆင်နယ်ဘက်က အပြောင်းအရွှေ့မပိတ်ခင် နည်းပါးတဲ့တန်ကြေးနဲ့ခေါ်ယူနိုင်မယ်လို့ ထင်မြင်နေပါတယ်။

အီဇီးဟာ လက်ရှိပရီးမီးယားလိဂ်ရဲ့အကောင်းဆုံးကွင်းလယ်လူတွေထဲကတစ်ဦးဖြစ်ပြီး မနှစ်က ပဲလေ့စ်ကို အက်ဖ်အေဖလားရအောင် အဓိကနေရာကနေစွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ အသက် ၂၇ နှစ်သားဟာ ပဲလေ့စ်အတွက် ၁၆၇ ပွဲမှာ ၄၀ ဂိုးသွင်း ၊ ၂၈ ဂိုးဖန်တီးနိုင်ခဲ့ပါတယ်။ အာဆင်နယ်အနေနဲ့ ပုဂ္ဂိုလ်ရေးသဘောတူညီမှုရဖို့ မခက်နိုင်ပေမယ့် ဖာဒီနန်က အင်္ဂလန်သားအနေနဲ့ အသင်းပြောင်းဖို့ ၂ ခါစဉ်းစားသင့်တယ်လို့ အကြံပေးလိုက်ပါတယ်။
“အာဆင်နယ်က အီဇီးလိုအပ်တယ်လို့ ကျွန်တော်မထင်ပါဘူး။ အာဆင်နယ်က ဘာလို့အီဇီးကိုလိုအပ်တာလဲ?။ သူက ဘယ်နေရာမှာကစားမှာလဲ?။ ခင်ဗျားတို့မှာ ဇူဘီမန်ဒီရှိပြီးသားဖြစ်သလို နံပတ် ၈ နေရာအတွက် ဘယ်ခြမ်းမှာ ရိုက်စ်လည်းရှိထားပါတယ်။ 

မာတင်က ညာခြမ်းမှာရှိနေပါတယ်။ အဲ့နောက် တောင်ပံနေရာအတွက် မာဒူကီ ဒါမှမဟုတ် မာတီနယ်လီရှိနေပါတယ်။ တကယ်လို့ ရိုက်စ်အနေနဲ့ ကွင်းလယ်ခံစစ်နေရာမှာ ကစားမယ်ဆိုရင် အီဇီးကို လိုအပ်ပါတယ်။  မှန်ပါတယ်။ အီဇီးရောက်လာတာက အာဆင်နယ်ကို ပိုအင်အားတောင့်တင်းစေမှာပါ။ အဲ့တာက ဖြစ်နိုင်ပါတယ်။ တကယ်လို့ ရိုက်စ်ဒဏ်ရာရခဲ့ရင် သူ့နေရာကို ဘယ်သူဝင်မှာလဲ။ ဒေါင်းမန်းလား”ဆိုပြီး ဖာဒီနန်က ပြောကြားခဲ့ပါတယ်။

အာဆင်နယ်ဟာ အီဇီးကို နံပတ် ၁၀ နေရာမှာထားနိုင်သလို ဘယ်ခြမ်းမှာလည်း ထားကစားနိုင်တာဖြစ်ပါတယ်။ အာဆင်နယ်အနေနဲ့ အီဇီးကိုမခေါ်ယူခင်မှာ ကစားသမားအရင်ရောင်းချရဖွယ်ရှိနေပါတယ်။ ပဲလေ့စ်အသင်းအမှုဆောင် ပါရစ်ကတော့ အီဇီးကို နည်းပါးတဲ့တန်ကြေးနဲ့ရောင်းချဖို့ အစီအစဉ်မရှိလောက်တာဖြစ်ပါတယ်။