ဂွါဒီယိုလာကို ဘယ်တော့မှမေးခွန်းမထုတ်နဲ့လို့ ဟားဂရေ့ဗ်ချီးကျူး
မန်ယူကြယ်ပွင့်ဟောင်း အိုဝင်ဟားဂရေ့ဗ်က ခရစ္စတယ်ပဲလေ့စ်ကို ၃ ဂိုး - ဂိုးမရှိနဲ့ အပြတ်အသတ် အနိုင်ရရှိခဲ့တဲ့ မန်စီးတီးရဲ့ ပွဲစဉ်အပြီးမှာ နည်းပြ ပက်ဂွါဒီယိုလာကို ချီးကျူးလိုက်ပြီး ဝေဖန်သူတွေအနေနဲ့ "ပက်ကို ဘယ်တော့မှ သံသယမဝင်သင့်ဘူး" လို့ အခိုင်အမာ ပြောကြားခဲ့ပါတယ်။ အန်တွိုင်း ဆီမန်ယို၊ အိုမာ မာမောက်ရှ် နဲ့ ဆာဗင်ဟိုတို့ရဲ့ သွင်းဂိုးတွေက ဧည့်သည် ပဲလေ့စ်အသင်းအပေါ် မန်စီးတီးတို့ အသာစီးနဲ့ အနိုင်ရရှိဖို့ အစွမ်းပြနိုင်ခဲ့တာ ဖြစ်ပါတယ်။ ပွဲအပြီးမှာတော့ အင်္ဂလန်လက်ရွေးစင်ဟောင်းက မန်စီးတီးအသင်းရဲ့ လူအင်အားတောင့်တင်းမှုကို ချီးကျူးခဲ့သလို ခြေစွမ်းပြခဲ့တဲ့ ကစားသမားတချို့ကိုလည်း အထူးတလည် ချီးကျူးခဲ့ပါတယ်။
"ပက်ကို ဘယ်တော့မှ မေးခွန်းထုတ်မနေပါနဲ့၊ ဒီနေ့ပွဲမှာ စီးတီးက တကယ်ကို ကောင်းခဲ့ပါတယ်၊ ကစားသမားအများအပြားလည်း ပါဝင်ကစားခွင့်ရခဲ့တယ် - ဆာဗင်ဟိုလည်း ကစားခွင့်ရခဲ့သလို ဖီးလ်ဖိုဒန်ကလည်း တကယ့်ကို အံ့အားသင့်စရာကောင်းလောက်အောင် ကောင်းခဲ့ပါတယ်" လို့ ဟားဂရေ့ဗ်က ပရီးမီးယားလိဂ် ဝက်ဘ်ဆိုက်ကို ပြောကြားခဲ့ပါတယ်။ သူက ဆက်လက်ပြီး "မာမောက်ရှ်ကလည်း တော်တော်လေး ကောင်းမွန်ခဲ့ပြီး အပြေးအလွှားတွေနဲ့ အဆုံးသတ်ပုံတွေကလည်း တကယ့်ကို ကောင်းမွန်ပါတယ်၊ စီးတီးမှာ တကယ့်ကို အံ့ဩစရာကောင်းတဲ့ လူစာရင်းရှိနေပြီး သူတို့ရဲ့ ထူးချွန်တဲ့ ကစားသမားတွေဆီကနေ လှပတဲ့ အခိုက်အတန့်တွေကို တွေ့ခဲ့ရပါတယ်၊ စီးတီးကတော့ အလျှော့ပေးမှာ မဟုတ်ဘူးနော်၊ မဟုတ်ဘူးလား" လို့ ဆိုခဲ့ပါတယ်။