ချန်ပီယံလိဂ်မှာ ရုန်းကန်နေရခြင်းတွေက ရီးရဲလ်မက်ဒရစ်အတွက် ပုံမှန်မဟုတ်ကြောင်း ပြောကြားလာတဲ့ ဗယ်လ်ဗာဒီ
ရီးရဲလ်မက်ဒရစ်ကွင်းလယ်ကြယ်ပွင့် ဖယ်ဒီရီကိုဗယ်လ်ဗာဒီက အသင်းအနေနဲ့ ချန်ပီယံလိဂ်မှာ ရုန်းကန်ရလေ့မရှိတာကြောင့် ဒီရာသီမှာကြုံတွေ့နေရတဲ့ ရုန်းကန်ရမှုတွေက ပုံမှန်မဟုတ်ဘဲ မြင်ရတွေ့ရတာ အလွန်ခက်ခဲကြောင်းပြောကြားလာခဲ့ပါတယ်။
ရီးရဲလ်မက်ဒရစ်ဟာ လက်ရှိချန်ပီယံလိဂ်အမှတ်ပေးဇယားရဲ့ အဆင့် ၂၄ နေရာမှာရောက်ရှိနေပြီး လိုင်လီ၊ အေစီမီလန်နဲ့ လီဗာပူးတို့ကို ရှုံးနိမ့်ထားခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ကားလို့အန်ဆယ်လော့တီရဲ့အသင်းဟာ ဒီရာသီ ချန်ပီယံလိဂ် ၅ ပွဲကစားထားရာမှာ ၂ ပွဲသာအနိုင်ရရှိပြီး ရမှတ် ၆ မှတ်သာစုဆောင်းထားနိုင်ပါသေးတယ်။
အတ္တလန္တာနဲ့ယှဉ်ပြိုင်သွားရမယ့် ချန်ပီယံလိဂ်ပွဲစဉ်မတိုင်မီ သတင်းစာရှင်းလင်းပွဲမှာ ဗယ်လ်ဗာဒီက “ချန်ပီယံလိဂ်မှာ တော်တော်လေးအခက်ကြုံနေရပါတယ်။ ရီးရဲလ်မက်ဒရစ်အနေနဲ့ ချန်ပီယံလိဂ်မှာရုန်းကန်နေရတယ်ဆိုတာ ပုံမှန်မဟုတ်ပါဘူး။ ဒီလိုရုန်းကန်ရမှုတွေက ကျွန်တော်တို့နဲ့ အသားကျမှာမဟုတ်ပါဘူး။ ကျွန်တော်တို့က အမြဲတမ်းထိပ်ဆုံးနေရာမှာပဲ ရှိခဲ့ကြတာပါ။ ဒါပေမယ့် ဒီလိုအခြေအနေကလည်း ဘောလုံးရဲ့ အစိတ်အပိုင်းတစ်ခုပါပဲ။ ကျွန်တော်တို့ အလုပ်ပိုကြိုးစားသွားဖို့လိုပါတယ်” လို့ပြောကြားခဲ့ပါတယ်။
ဒီရာသီမှာ ရီးရဲလ်မက်ဒရစ်အသင်းရဲ့အဓိက နောက်ခံလူတွေဖြစ်ကြတဲ့ အီဒါမီလီတာအိုနဲ့ ဒန်နီကာဗာဂျယ်တို့ကို ဒဏ်ရာပြဿနာတွေကြောင့် ကာလရှည် လက်လွှတ်ထားရပါတယ်။ ဒါ့အပြင် တိုက်စစ်ကစားသမားတွေဖြစ်ကြတဲ့ ဗင်နီစီးယက်စ်ဂျူနီယာနဲ့ ရိုဒရီဂိုတို့ကလည်း ကြံ့ခိုင်မှုတည်ဆောက်ဖို့ရုန်းကန်နေရတာဖြစ်ပါတယ်။ ဗင်နီစီးယက်စ်က ပြီးခဲ့တဲ့လက တံကောက်ကြောဒဏ်ရာရရှိခဲ့တာဖြစ်ပြီး ရိုဒရီကလည်း ကြံ့ခိုင်မှုမပြည့်ဝတာကြောင့် ပြီးခဲ့တဲ့ ဂျီရိုနာနဲ့ ပွဲစဉ်ကို လွဲချော်ခဲ့ပါတယ်။
အတ္တလန္တာနဲ့ပွဲစဉ်ကို လွဲချော်သွားနိုင်တဲ့ ကစားသမား ၂ ယောက်ရဲ့အခြေအနေနဲ့ပတ်သက်ပြီး အန်ဆယ်လော့တီက “ဗင်နီစီးယက်စ်က အခြေအနေကောင်းပါတယ်။ ကျွန်တော်တို့သူ့ကို ချိန်ဆရပါဦးမယ်။ ဒီနေ့ လေ့ကျင့်ရေးအစီအစဉ်က အရေးပါလာပါလိမ့်မယ်။ ရိုဒရီဂိုလည်း အတူတူပါပဲ။ ဘယ်လင်ဟမ်ကလည်း အဆင်ပြေပါတယ်။ စနေနေ့ကဒဏ်ရာအသေးစားရခဲ့ပေမယ့် အခုတော့ ကြံ့ခိုင်မှုအပြည့်အဝပြန်ရနေပါပြီ။ ဗင်နီစီးယက်စ်နဲ့ ရိုဒရီဂိုတို့ပဲ သံသယဖြစ်စရာအခြေအနေမှာရှိပါတယ်။ ဒီနေ့လေ့ကျင့်ရေးအစီအစဉ်အပြီးမှာတော့ ကစားခွင့်ရမရ ဆုံးဖြတ်သွာ့းပါမယ်” လို့ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး အီတလီသားက ရာသီအစမှာ ၁၂ ပွဲဆက်တိုက် ဂိုးပေါက်ပျောက်ဆုံးခဲ့တဲ့ ဘယ်လင်ဟမ်တစ်ယောက် ယခုအခါမှာ လာလီဂါ ၅ ပွဲဆက်တိုက်ဂိုးသွင်းယူနိုင်ခဲ့တာကြောင့် အခုလို တိုးတက်လာမှုနဲ့ပတ်သက်ပြီး “သူ့ရဲ့ကစားပုံကို ကြီးကြီးမားမားပြောင်းလဲလိုက်တာမျိုးတော့မရှိပါဘူး။ကျွန်တော်တို့ပြောင်းလဲလိုက်တာ အသင်းရဲ့ အဓိက ကစားပုံကိုပါပဲ။ အခုချိန်မှာအသင်းက အလှုပ်အရွနဲ့ကစားပြီး အထိုင်ချကစားတာမျိုးမဟုတ်လို့ သူ့အနေနဲ့ အဲဒီကစားပုံကနေ အကျိုးအမြတ်ရှာနိုင်ခဲ့ပုံပေါ်ပါတယ်။ သူဂိုးတွေသွင်းလာနိုင်ပါတယ်။ ဒါကကျွန်တော်တို့အတွက်လည်း အရေးပါတဲ့အချက်ပါပဲ။ ဒါပေမယ့် သူ့ရဲ့စိတ်ဓာတ်ပိုင်းကတော့ ပုံမှန်အတိုင်းပါပဲ” လို့ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် အန်ဆယ်လော့တီက အသင်းရဲ့ လူငယ်ကြယ်ပွင့်ကစားသမားလေးတွေဖြစ်တဲ့ အန်းဒရစ်နဲ့ အာဒါဂူလာတို့ကို လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့မှာ အငှားချမှာမဟုတ်ကြောင်းနဲ့ စိတ်ရှည်ရှည်ထားပြီး အချိန်ပေးသွားမှာဖြစ်ကြောင်းလည်း အသိပေးပြောကြားခဲ့ပါတယ်။