ရီးရဲလ်မက်ဒရစ်မှထွက်ခွာမယ့် အန်းဒရစ်ခ်ရဲ့ဆုံးဖြတ်ချက်ကို လေးစားပေးသွားမယ့် မော်ရင်ဟို
ဘရာဇီးလ်လက်ရွေးစင်ကစားသမား အန်းဒရစ်ခ်သာ လာမယ့်ဇန်နဝါရီလမှာ အသင်းမှ ထွက်ခွာခွင့် တောင်းဆိုလာမယ်ဆိုရင် သူ့ရဲ့လမ်းကြောင်းကို ရီးရဲလ်မက်ဒရစ်နည်းပြ မော်ရင်ဟို တားဆီးသွားဖို့ မရှိပါဘူး။
နွေရာသီကာလအတွင်း ဒီအိုမန်ဒီကို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် မော်ရင်ဟို ခေါ်ယူခဲ့ပြီးနောက်ပိုင်း အသက် ၂၀ အရွယ်ကစားသမားက ၂၀၂၆-၂၀၂၇ ဘောလုံးရာသီ၊ လာလီဂါမှာ တစ်ပွဲသာ ပွဲထွက်ခွင့် ရရှိထားပြီး ရီးရဲလ်မက်ဒရစ်မှာ ပုံမှန်ပွဲထွက်ခွင့် ရရှိဖို့ ဆက်လက်ရုန်းကန်နေရပါတယ်။
လက်ရှိမှာ အန်းဒရစ်ခ်က ပြီးခဲ့တဲ့ရာသီအခြေအနေမျိုးနဲ့ ပြန်လည်ရင်ဆိုင်နေရပြီး အဲဒီတုန်းက ဇန်နဝါရီလမှာ လိုင်ယွန်ဆီ အငှားထွက်ကစားကာ ၂၁ ပွဲမှာ ၈ ဂိုး သွင်းပြီး ဂိုးဖန်တီးမှု ၈ ကြိမ် ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။
၂၀၂၆ ခုနှစ်၊ ဆောင်းရာသီအပြောင်းအရွှေ့ဈေးကွက်မတိုင်မီမှာတော့ ရာသီကုန်အထိ နောက်ထပ်အငှားစာချုပ်တစ်ခုရဲ့တစ်စိတ်တစ်ပိုင်းအဖြစ် အေစီမီလန်ဆီ ပြောင်းရွှေ့မယ်ဆိုတဲ့သတင်းတွေနဲ့ အန်းဒရစ်ခ်ကို ချိတ်ဆက်မြင်တွေ့နေရပါတယ်။
နိုင်ငံတကာရက်သတ္တပတ်အတွင်း သူ့ရဲ့လက်ရှိရပ်တည်ချက်နဲ့ပတ်သက်လို့ အန်းဒရစ်ခ်က မော်ရင်ဟိုအပေါ်မှာပဲ နောက်ဆုံးဆုံးဖြတ်ချက် မူတည်လိမ့်မယ်ဆိုတဲ့ သဘောမျိုး ပြောဆိုခဲ့ပါတယ်။
အီတလီသတင်းဌာန Gazzetta dello Sport ရဲ့ ဖော်ပြချက်အရ မော်ရင်ဟိုက ပါးမီးရက်စ်တိုက်စစ်မှူးဟောင်းအတွက် ဘယ်လိုအငှားကမ်းလှမ်းမှုမျိုးကိုမဆို ပိတ်ပင်သွားဖို့ မရှိဘဲ သင့်တော်တဲ့ သဘောတူညီချက်သာ ရရှိလာမယ်ဆိုရင် အပြီးသတ်ရောင်းချဖို့အတွက်လည်း လမ်းဖွင့်ထားနိုင်တယ်လို့ သိရပါတယ်။