
ပြိုင်ဘက်အသင်းကို သတိပေးစကားဆိုလိုက်တဲ့ ပီအက်စ်ဂျီနည်းပြ အင်းနရစ်
ပီအက်စ်ဂျီအသင်းနည်းပြ အင်းနရစ်က ချန်ပီယံလိဂ်ပွဲမတိုင်ခင် ပြိုင်ဘက် လီဗာပူးအသင်းကို သတိပေးစကားဆိုလိုက်ပါတယ်။ ပီအက်စ်ဂျီဟာ စနေနေ့ညက လိုင်လီကို ၄-၁ နဲ့အနိုင်ရပြီးနောက် ပြိုင်ပွဲစုံ ၁၀ ပွဲဆက်အနိုင်ရရှိထားခဲ့တာဖြစ်ပါတယ်။ အင်းနရစ်ကိုယ်တိုင်ကလည်း ပထမပိုင်းစွမ်းဆောင်ရည်ဟာ ဒီရာသီမှာ အကောင်းဆုံးဖြစ်နေတယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ လိုင်လီ နဲ့ လီဗာပူးအသင်းတို့ကြားမှာ ဆင်တူမှုတွေရှိနေပြီး ပီအက်စ်ဂျီကို ၂-၁ နဲ့အရေးနိမ့်ခဲ့ပေမယ့် ဖိအားပေးနိုင်ခဲ့တာဖြစ်ပါတယ်။
“အဲ့တာက ကျွန်တော်တို့အဆင့်အတန်းကို ပြသနေပါတယ်။ အခုတော့ ကျွန်တော်တို့ ချန်ပီယံလိဂ်ပွဲအကြောင်းတွေးရပါမယ်။ လီဗာပူးအသင်းနဲ့ ၂ ကျော့ကန်ရမှာဖြစ်ပြီး ရည်မှန်းချက်ကြီးကြီးထားဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့ အများကြီးမပြောင်းလဲပါဘူး။ ဒီနေ့မှာ စစ်ဆေးမှုပြုလုပ်ခဲ့ပြီး လီဗာပူး နဲ့ လိုင်လီက အတူတူပါပဲ။ ကျွန်တော်တို့ သူတို့ကိုနောက်တန်းကနေ ပွဲမစတင်နိုင်အောင် ဖိအားပေးထားနိုင်ခဲ့ပါတယ်။
အဲ့တာက ခြားနားလာနိုင်ပါတယ်။ ပြီးတော့ အရမ်းလည်း ရှုပ်ထွေးပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ဒီရာသီပထမပိုင်းစွမ်းဆောင်ရည်က အကောင်းဆုံးအနေအထားမှာရှိနေပါတယ်။ ကျွန်တော်တို့ ဥရောပရဲ့အကောင်းဆုံးအသင်းနဲ့ကန်ရမှာဖြစ်ပြီး စိတ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုမရှိဘူးဆိုရင် အဆင်ပြေမှာမဟုတ်ပါဘူး။ ခံစစ်မှာနေပြီး တိုက်စစ်ကို စတင်ရပါမယ်။ အဲ့လိုကနေ ကျွန်တော်တို့ ကြိုးစားရပါမယ်”လို့ အင်းနရစ်က ပြောကြားခဲ့ပါတယ်။
ပီအက်စ်ဂျီရဲ့ဒီရာသီချန်ပီယံလိဂ်စွမ်းဆောင်ရည်က ဆိုးဝါးခဲ့ပြီး လီဗာပူးအသင်းနဲ့ပွဲမတိုင်ခင် ဘရက်စ်နဲ့ခြေစစ်ပွဲကန်ခဲ့ရတာဖြစ်ပါတယ်။ စလော့ရဲ့လီဗာပူးအသင်းကတော့ ခြေစစ်ပွဲမကန်ရပဲ နောက်တစ်ဆင့်ကို တက်ရောက်နိုင်ခဲ့တာဖြစ်ပြီး ပထမအကျော့ကို အခုလာမယ့်ဗုဒ္ဓဟူးနေ့မှာကန်မှာဖြစ်ကာ ဒုတိယအကျော့ကို မတ်လ ၁၁ ရက်နေ့ အန်ဖီးလ်မှာ ကန်မှာဖြစ်ပါတယ်။