ဆောက်ဂိတ်ရဲ့နေရာမှာ အစားထိုးဝင်ရောက်နိုင်မလားဆိုတဲ့မေးခွန်းကို ပြန်လည်တုံ့ပြန်လိုက်တဲ့ ပိုစတီကိုဂလူ
အင်္ဂလန်အသင်း နည်းပြသစ်အဖြစ် ဆောက်ဂိတ်ရဲ့နေရာမှာ အစားထိုးဖို့ သူ့ကိုချိတ်ဆက်နေတယ်ဆိုတဲ့ သတင်းတွေကို တော့တင်ဟမ်နည်းပြပိုစတီကိုဂလူက ပြန်လည်တုံ့ပြန်လာခဲ့ပါတယ်။ ယူရို-၂၀၂၄ ဖိုင်နယ်ရှုံးနိမ့်မှုနဲ့အတူ ရှစ်နှစ်တာအံ့ဖွယ်ခရီးစဉ်ကို အဆုံးသတ်ပြီလို့ အခုသီတင်းပတ်၊ အင်္ဂါနေ့မှာ ဆောက်ဂိတ်က တရားဝင်ကြေညာလိုက်ပြီးနောက် သူ့ရဲ့နေရာဆက်ခံသူရှာဖွေဖို့လုပ်ငန်းစဉ်တွေ စတင်လာပါတယ်။
အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(အက်ဖ်အေ)ရဲ့လျာထားစာရင်းမှာတော့ ဟိုဝီ၊ ဂရေဟမ်ပေါ်တာ၊ လီကာစလေနဲ့ ပိုချက်တီနိုတို့ ပါဝင်နေပါတယ်။ ဒါပေမယ့် အက်ဖ်အေကိုယ်တိုင်က နိုင်ငံခြားသားနည်းပြမခန့်အပ်ဘူးလို့ တရားဝင်မကြေညာထားလို့ စဉ်းစားရမယ့်စာရင်းမှာ ပက်ဂွါဒီယိုလာ၊ ဆရီနာဝက်ဂ်မန်းတို့လို နည်းပြတွေလည်း ရှိနေပြန်ပါတယ်။
ယမန်နေ့(ဗုဒ္ဓဟူးနေ့)မှာ ထွက်ပေါ်လာတဲ့သတင်းတွေအရ ပိုစတီကိုဂလူကိုလည်း နည်းပြသစ်ရာထူးအတွက် ဆွေးနွေးမှုတွေမှာ ထည့်သွင်းထားတယ်လို့ သိရပါတယ်။ အက်ဖ်အေဘက်က သြစတြေးလျသားနည်းပြရဲ့ ပြီးခဲ့တဲ့ရာသီ၊ တော့တင်ဟမ်အသင်းမှာ စွမ်းဆောင်ပြခဲ့တဲ့ ချက်ချင်းအကျိုးသက်ရောက်မှုတွေနဲ့ အသင်းစီမံခန့်ခွဲမှုပုံစံတွေကို အထင်ကြီးလေးစားနေတယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။
ကွန်တီ၊ မော်ရင်ဟိုတို့လို ခံစစ်အားသန်နည်းပြတွေလက်အောက်မှာ နှစ်အတန်ကြာရှိခဲ့တဲ့ မြောက်လန်ဒန်ကလပ်ဆီ ပိုစတီကိုဂလူက အလွန်တိုက်စစ်မြှင့်ကစားဟန်ကို ယူဆောင်လာမှုနဲ့အတူ ချီးကျူးဂုဏ်ပြုမှုတွေလည်း ရရှိခဲ့ပါတယ်။ ဒါပေမယ့် ပိုစတီကိုဂလူက အနာဂတ်မှာ အင်္ဂလန်လက်ရွေးစင်အသင်းကို တာဝန်မယူဘူးလို့ အပြတ်မငြင်းဆန်ခဲ့ပေမယ့် လတ်တလောမှာ တော့တင်ဟမ်အသင်းမှ ထွက်ခွာဖို့ ဆန္ဒမရှိဘူးလို့ ပြောဆိုခဲ့လို့ အင်္ဂလန်လက်ရွေးစင်အသင်းမှာ ပိုစတီကိုဂလူရဲ့အတွေးအခေါ်တွေ မြင်တွေ့ရဖို့ မရှိသေးပါဘူး။
တော့တင်ဟမ်က ဟတ်စ်ကို ၅-၁ ဂိုးဖြင့် အနိုင်ရရှိတဲ့ ဗုဒ္ဓဟူးနေ့ခြေစမ်းပွဲစဉ်အပြီး Sky Sports နဲ့တွေ့ဆုံချိန် ပိုစတီကိုဂလူက “ကိုယ့်လူရေ၊ လောလောဆယ် ကျွန်တော်က ရာသီကြိုကာလအလယ်တည့်တည့်မှာ ရောက်နေတယ်ဗျ။ ကျွန်တော်က တော့တင်ဟမ်နည်းပြပဲလေ၊ အခြားဘာကိုမှ စိတ်မဝင်စားပါဘူး။ ဒါပေမယ့် ဒီအသင်းဆီ အောင်မြင်မှုတွေ ယူဆောင်ပေးနိုင်အောင်ပဲ ကြိုးစားနေပါတယ်။ အဲ့ဒီလိုမလုပ်နိုင်မချင်း တခြားဘာကိုမှ စဉ်းစားနေစရာအကြောင်း မရှိပါဘူး။ အဲ့ဒီလိုအောင်မြင်မှုတွေ ရယူပေးနိုင်ဖို့ပဲ ကျွန်တော် လုံးဝအာရုံစိုက်ထားပါတယ်။ နေ့လည်ခင်းကတောင် ကျွန်တော် တစ်မှေးအိပ်ခဲ့ရပါသေးတယ်။ ဘယ်လိုကောလာဟလတွေ ထွက်နေသလဲဆိုတာ ကျွန်တော်ကိုယ်တိုင်တောင် မသိပါဘူး”လို့ ပြောပါတယ်။
ပွဲပြီးသတင်းစာရှင်းလင်ပွဲမှာလည်း အင်္ဂလန်နည်းပြရာထူးကို တစ်ချိန်ချိန်မှာ လက်ခံသွားမယ်လို့ စဉ်းစားထားသလားဆိုတဲ့ မေးခွန်း သူ့ဆီ ရောက်ရှိလာပြန်ပါတယ်။ ပိုစတီကိုဂလူက “လွန်ခဲ့တဲ့ငါးနှစ်တုန်းက ကျွန်တော် ဂျပန်မှာ ရှိနေခဲ့ဖူးပါတယ်။ အခုတော့ ပရီးမီးယားလိဂ်ဆီ ရောက်ရှိနေပါပြီ။ နောက်ထပ်ငါးနှစ်ကျရင် ကျွန်တော် ဘယ်မှာရှိနေမလဲဆိုတာ ဘယ်သူမှ မသိပါဘူး။ ဂျပန်မြေဆီပဲ ပြန်ရောက်သွားနိုင်ပါတယ်။ အရန်ခုံတန်းတစ်ခုခုဆီမှာ ရောက်နေတာမျိုးဖြစ်လာဖို့လည်း မျှော်လင့်မိပါတယ်။ အနာဂတ်ကိစ္စတွေကို ကျွန်တော်တွေးနေစရာအကြောင်း လုံးဝမရှိပါဘူး။ ကျွန်တော်က တော့တင်ဟမ်နည်းပြဖြစ်ပြီး ဒီကလပ်အသင်းဆီ အောင်မြင်မှုတွေ ယူဆောင်လာပေးဖို့ပဲ ဆုံးဖြတ်ထားပါတယ်။ ဒါကလွဲပြီး တခြားဘာမှမစဉ်းစားထားပါဘူး”လို့ ဆက်ပြောပါတယ်။
ပိုစတီကိုဂလူမှာ လေးနှစ်ကြာလက်ရွေးစင်အသင်းနည်းပြဘဝအတွေ့အကြုံ ရှိထားပြီး သြစတြေးလျအသင်းနဲ့အတူ ၂၀၁၅ အာရှဖလားချန်ပီယံဆု ဆွတ်ခူးနိုင်ခဲ့ပါတယ်။ သြဂုတ်လအတွင်း လက်စတာနဲ့ရင်ဆိုင်ရမယ့် ၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်မတိုင်ခင် ပိုစတီကိုဂလူရဲ့အသင်းက လာမယ့်စနေနေ့မှာ ကျူပီအာနဲ့ ခြေစမ်းပွဲစဉ် ဆက်လက်ယှဉ်ပြိုင်ကစားပါလိမ့်မယ်။