နော်တင်ဟမ်ဖောရက်စ်နဲ့ပွဲစဉ်မှာ ကစားသမား ၂ ယောက်ဒဏ်ရာရခဲ့ကြောင်း အတည်ပြုလာတဲ့ ဂွါဒီယိုလာ
မန်ချက်စတာစီးတီးနည်းပြ ပက်ဂွါဒီယိုလာက ယနေ့နံနက်က နော်တင်ဟမ်ဖောရက်စ်ကို ၃-၀ နဲ့ဂိုးပြတ်အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အသင်းရဲ့အဓိက ကစားသမား ၂ ဦးဒဏ်ရာပြဿနာကြုံတွေ့ခဲ့ကြောင်း အတည်ပြုပြောကြားလာခဲ့ပါတယ်။
မန်စီးတီးအနေနဲ့ ယခုနိုင်ပွဲကြောင့် ၇ ပွဲဆက်နိုင်ပွဲပျောက်ဆုံးမှုမှ ပြန်လာနိုင်ခဲ့ပေမယ့် အသင်းရဲ့ ကစားသမား ၂ ယောက်ဒဏ်ရာရသွားခဲ့လို့ ကြီးမားတဲ့ ထိုးနှက်ချက်နဲ့ ကြုံတွေ့ခဲ့ရပါတယ်။ မန်စီးတီးအတွက် ဂိုးတွေကို ဘာနာဒိုဆေးလ်ဗား၊ ကယ်ဗင်ဒီဘရိုင်းနဲ့ ဂျရယ်မီဒိုကူတို့ကသွင်းယူပေးခဲ့ကြပြီး စူပါစတား တိုက်စစ်မှူး အာလင်းဟာလန်းကတော့ ဂိုးပေါက်မတွေ့ခဲ့ပါဘူး။
ယခုပွဲစဉ်မှာ ဒဏ်ရာပြဿနာကြုံတွေ့ခဲ့ကြတဲ့ ကစားသမားတွေက အဓိကနောက်ခံလူတွေဖြစ်ကြတဲ့ နာသန်အကီနဲ့ မန်နူရယ်အကန်ဂျီတို့ဖြစ်ကြပြီး အကီက ဒုတိယပိုင်းမှာ တံကောက်ကြောဒဏ်ရာရခဲ့ပုံပေါ်ကာ အကန်ဂျီကတော့ ပထမပိုင်းအပြီးမှာကတည်းက လူစားလဲခံခဲ့ရပါတယ်။ ပွဲအပြီးမှာ ဂွါဒီယိုလာက “အကန်ဂျီနဲ့ အကီတို့ ဒဏ်ရာရခဲ့ကြပါတယ်။ အကီက အခြေအနေပိုဆိုးပုံရပြီး မနက်ဖြန်ကျမှပဲ အတိအကျသိရမှာပါ။ သူ ဆက်မကစားနိုင်ခဲ့လို့ လူစားလဲခဲ့ရပြီး ၃ ရက်အတွင်း အကဲဖြတ်သွားပါမယ်။ အကီအတွက်စိတ်မကောင်းပေမယ့် အကန်ဂျီကတော့ ဂျူဗင်တပ်စ်နဲ့ပွဲစဉ်မှာ ပြန်ကစားနိုင်မယ်ထင်ပါတယ်” လို့ပြောကြားခဲ့ပါတယ်။
တစ်ချိန်တည်းမှာပဲ ဂွါဒီယိုလာနဲ့ ဒီဘရိုင်းတို့အကြား သဘောထားမတိုက်ဆိုင်မှုတွေရှိနေတယ်လို့ သတင်းတွေထွက်ပေါ်ထားပေမယ့် အဆိုပါသတင်းတွေက အမှန်မဟုတ်ကြောင်းကို ဘယ်လ်ဂျီယံကွင်းလယ်လူက “ဒီလို ကောလာဟလတွေထွက်နေတာ ကျွန်တော်သိပါတယ်။ တကယ်တော့ ကျွန်တော်နဲ့ ဂွါဒီယိုလာကြားမှာ ဘာပြဿနာမှ မရှိခဲ့ဖူးပါဘူး။
ကျွန်တော် ရုန်းကန်နေရတယ်ဆိုတာ သူသိပါတယ်။ နာကျင်ပြီး သက်တောင့်သက်သာမရှိပါဘူး။ ကျွန်တော် ကွင်းထဲပြန်ဝင်ချင်ပါတယ်။ ရာသီအစမှာ ကောင်းမွန်တဲ့ခံစားချက်တွေရှိခဲ့ပါတယ်။ ကျွန်တော့်ခန္ဓာကိုယ်ကို အလုပ်လုပ်နိုင်စေဖို့ အများကြီးကြိုးစားထားပါတယ်။ အနိမ့်အမြင့် အတက်အကျဆိုတာ နေရာတိုင်းမှာရှိတာပါပဲ။ ကျွန်တော်အဆင်ပြေသွားမှာပါ” လို့ပြောကြားခဲ့ပါတယ်။
လာမယ့်စနေနေ့မှာတော့ မန်စီးတီးဟာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ခရစ္စတယ်ပဲလေ့စ်ကို အဝေးကွင်းမှာသွားရောက်ရင်ဆိုင်ရမှာဖြစ်ပြီး နိုင်ပွဲဆက်နိုင်ဖို့ ကြိုးစားသွားရပါမယ်။