မန်စီးတီးကို အံ့အားသင့်ဖွယ် အနိုင်ယူပြီးနောက် အမ်မရီရဲ့နည်းဗျူဟာပိုင်း ပါရမီကို မတ်တီကတ်ရှ် ချီးကျူး
မန်စီးတီးကို ၂-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့တဲ့ စနေနေ့ပရီးမီးယားလိဂ်ပွဲစဉ်အပြီး အက်စတွန်ဗီလာနည်းပြအူနိုင်းအမ်မရီရဲ့ ထူးခြားပြောင်မြောက်လှတဲ့ နည်းဗျူဟာပိုင်းကို မတ်တီကတ်ရှ်က ချီးကျူးပြောဆိုလိုက်ပါတယ်။
အသင်းနည်းပြအဖြစ် ခန့်အပ်ခံရတဲ့ လေးနှစ်ပြည့်အထိမ်းအမှတ်အဖြစ် စပိန်လူမျိုးနည်းပြက မန်စီးတီးအပေါ် အိမ်ကွင်းလိဂ်လေးပွဲဆက်အနိုင်ရရှိအောင် နည်းဗျူဟာပိုင်းအရ အကောင်းဆုံး ပုံဖော်ပေးနိုင်ခဲ့ပါတယ်။
နောက်ခံလူနေရာမှာ အထင်ကြီးဖွယ် ခြေစွမ်းပြသခဲ့တဲ့ မတ်တီကတ်ရှ်ကလည်း အန်ဇိုမာရက်စ်ကာရဲ့အသင်းကို ရင်ဆိုင်ရာမှာ အခြေအနေအပေါ် လိုက်လျောညီထွေ ပြောင်းလဲနိုင်တဲ့ အမ်မရီရဲ့ နည်းဗျူဟာပိုင်းစွမ်းရည်ကို အသိအမှတ်ပြု ချီးကျူးခဲ့ပါတယ်။
ကလပ်အသင်းဝက်ဘ်ဆို်ဒနဲ့တွေ့ဆုံချိန် မတ်တီကတ်ရှ်က " အူနိုင်းအမ်မရီဆိုတာနည်းဗျူဟာပိုင်းဆိုင်ရာ ပါရမီရှင်တစ်ဦးပါ။ အထူးသဖြင့် ကျွန်တော်တို့ရဲ့အိမ်ကွင်းမှာ မန်စီးတီးနဲ့ကစားချိန်တိုင်း ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်း ကျွန်တော်တို့တွေ အကောင်းဆုံး စွမ်းဆောင်နိုင်ခဲ့တယ်လို့ ထင်ပါတယ်" လို့ ပြောပါတယ်။
"သူ့ဆီမှာ အမြဲတမ်း အစီအစဉ်သစ်တွေ ရှိနေတတ်သလို အမြဲတမ်းလည်း စိတ်ကူးသစ်တွေကို ဖော်ထုတ်ပြသလေ့ ရှိပါတယ်"
"ထိပ်တန်းအသင်းတွေနဲ့ ရင်ဆိုင်ရချိန် ကိုယ့်ဘက်က လိုက်လျောညီထွေ ပြုပြင်ပြောင်းလဲ ကစားနိုင်ဖို့ လိုအပ်ပြီး ဒီနေ့မှာ ကျွန်တော်တို့ အဲဒါကို အရမ်းကောင်းအောင် လုပ်ပြနိုင်ခဲ့တယ်လို့ ထင်ပါတယ်" လို့ ဆိုပါတယ်။