The network connection is lost.

Banner Image

အက်စတွန်ဗီလာနဲ့ပွဲမှာ အနိုင်ဂိုးဖန်တီးပေးခဲ့တဲ့ ဒိုကူကို ဂွါဒီယိုလာချီးကူး

ယနေ့နံနက်ကယှဉ်ပြိုင်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အက်စတွန်ဗီလာကို ၂-၁ နဲ့အနိုင်ရခဲ့ပြီးနောက် မန်ချက်စတာစီးတီးနည်းပြ ပက်ဂွါဒီယိုလာအတွက် အသင်းအတွက်အလွန်အရေးပါတဲ့ အနိုင်ဂိုး ဖန်တီးပေးခဲ့တဲ့ တောင်ပံကစားသမား ဂျရယ်မီဒိုကူကို ချီးကျူးပြောဆိုမှုတွေပြုလုပ်လာခဲ့ပါတယ်။ 

ဂွါဒီယိုလာက ဒိုကူရဲ့ အမြန်နှုန်းကို ချီးကျူးခဲ့တာဖြစ်ပြီး ဘယ်လ်ဂျီယံသားဟာ ကမ္ဘာ့အလျင်မြန်ဆုံး ဘောလုံးသမားဖြစ်တယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။ ယခုပွဲစဉ်မှာ မန်စီးတီးဟာ ဘာနာဒိုဆေးလ်ဗားရဲ့ဂိုးနဲ့ စောစောစီးစီးဦးဆောင်နိုင်ခဲ့ပေမယ့် အက်စတွန်ဗီလာအတွက် မားကပ်စ်ရက်ရှ်ဖို့ဒ်က ပထမပိုင်းမှာပဲ ပြန်လည်ချေပခဲ့ပါတယ်။ 

သို့သော်လည်း ပွဲပြီးကာနီး ၉၀+၄ မိနစ်မှာတော့ မန်စီးတီးတို့အနိုင်ဂိုးရခဲ့ပြီး လူစားဝင်ကစားသမား ဂျရယ်မီဒိုကူရဲ့ ဖန်တီးပေးပို့မှုမှတစ်ဆင့် မားသီးယက်စ်နူနက်စ်က အမှားအယွင်းမရှိ ပိတ်သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ သို့သော်လည်း ဒိုကူဟာ မန်စီးတီးအတွက် ပုံမှန်ပွဲထွက်ခွင့်ရနေသူမဟုတ်ဘဲ ဒီလအတွင်း ပရီးမီးယားလိဂ်မှာ ၁ ပွဲသာ ပွဲထွက်ကစားခဲ့ရတာဖြစ်ပါတယ်။ 

၂၀၂၃ ခုနှစ်၊ ဩဂုတ်လမှာ ရန်းနက်စ်မှ ပေါင် ၅၅.၅ သန်းနဲ့ မန်စီးတီးသို့စတင်ရောက်ရှိလာခဲ့တဲ့ ဒိုကူဟာ အသင်းရဲ့တိုက်စစ်ပိုင်းအတွက် ထူးခြားတဲ့ကစားသမားဖြစ်တယ်လို့ ဂွါဒီယိုလာက ဆိုပါတယ်။ စပိန်သားနည်းပြက "ဒိုကူက ကျွန်တော်တို့အတွက် အမြဲတမ်း တစ်ခုခုတော့လုပ်ပေးပါတယ်။ ပွဲရဲ့အဖြေက သူ့ကြောင့် ပြောင်းလဲခဲ့တာပါ။ ပထမဆုံးကွင်းထဲစဝင်တော့ သူ့ကို ဒီဆာဆီနဲ့ မေလန်တို့ တားနိုင်ခဲ့ပါသေးတယ်။ ဒါပေမယ့် နောက်ပိုင်းမှာတော့ သူ့ရဲ့အမြန်နှုန်းက တားဆီးမရတော့ပါဘူး" လို့ပြောကြားခဲ့ပါတယ်။ 

ဒိုကူရဲ့အမြန်နှုန်းနဲ့ပတ်သက်ပြီးတော့လည်း ဂွါဒီယိုလာက "သူ့မှာတိုးတက်စရာတွေကျန်ပါသေးတယ်။ ကျွန်တော်အမြဲတမ်းပြောပါတယ်။ အမြန်နှုန်းကို အသုံးချဖို့လိုအပ်သလို၊ လျှော့ချတတ်ဖို့လည်းလိုအပ်ပါတယ်။ ကျွန်တော့်အတွက်တော့ သူက ကမ္ဘာ့အလျင်မြန်ဆုံးကစားသမားပါပဲ။ သူကငယ်ပါသေးတယ်။ သူ့မှာထူးခြားတဲ့အမြန်နှုန်းရှိပါတယ်" လို့ပြောကြားခဲ့ပါတယ်။