ကွင်းမျက်နှာပြင်အခြေအနေဆိုးရွားမှုကြောင့် လီဂူးဝမ်းရာသီအဖွင့်ပွဲစဉ်ကို ရန်းနက်စ်ကွင်းဆီ ပြောင်းရွှေ့ကျင်းပမယ့် ပီအက်စ်ဂျီ
ပြင်သစ်ပရော်ဖက်ရှင်နယ်လိဂ်(LFP)က ဥရောပချန်ပီယံပီအက်စ်ဂျီအသင်းရဲ့ အိမ်ကွင်းမျက်နှာပြင်အခြေအနေ ဆိုးရွားနေမှုကြောင့် ပါရီအခြေစိုက်ကလပ်အသင်းရဲ့ လီဂူးဝမ်းချန်ပီယံဆုကာကွယ်ရေးခရီးစဉ်အစကို ပြိုင်ဘက်ရန်းနက်စ်အသင်းရဲ့ ရိုအာဇွန်ပတ်ခ်ကွင်းဆီ ပြောင်းရွှေ့ကျင်းပသွားမယ်လို့ ဗုဒ္ဓဟူးနေ့မှာ ကြေညာခဲ့ပါတယ်။
LFP က ထုတ်ပြန်ချက်မှာ "လက်ရှိ ကွင်းရဲ့အခြေအနေက ကစားသမားတွေရဲ့ဘေးကင်းလုံခြုံမှုကို အာမခံပေးလို့မရတဲ့ အနေအထားမျိုး ဖြစ်ပါတယ်" လို့ ဖော်ပြထားပါတယ်။
အစောပိုင်းမှာ ပီအက်စ်ဂျီက ရာသီအဖွင့်လိဂ်ပွဲစဉ်ကို လာမယ့်တနင်္ဂနွေနေ့၊ Parc des Princes ကွင်းမှာ လက်ခံကျင်းပသွားဖို့ စီစဉ်ထားခဲ့ပေမဲ့ အခုလိုကွင်းပြောင်းရွှေ့မှုကြောင့် ပွဲနေ့နဲ့ ပွဲချိန်ကိုတော့ မထိခိုက်ခဲ့ပါဘူး။
ပီအက်စ်ဂျီအသင်းကလည်း "အခုနွေရာသီကာလအတွင်း ပါရီဒေသမှာ ဆက်တိုက် ဖြစ်ပေါ်ခဲ့တဲ့ ထူးခြားပြင်းထန်တဲ့ အပူလှိုင်းဒဏ်တွေကြောင့် Parc des Princes ကွင်းမျက်နှာပြင် ဆိုးဆိုးရွားရွား ပျက်စီးသွားပြီး ပျက်စီးယိုယွင်းမှုနှုန်းလည်း ပိုမိုမြန်ဆန်သွားပါတယ်" လို့ အတည်ပြုခဲ့ပါတယ်။
ဒါ့အပြင် လာမယ့်စက်တင်ဘာ ၄ ရက်၊ မိုနာကိုနဲ့ရင်ဆိုင်ရမယ့် အိမ်ကွင်းပွဲစဉ်မတိုင်ခင် ကွင်းမျက်နှာပြင်ကို မြက်ခင်းတုအစားထိုးသွားမယ်လို့လည်း ပီအက်စ်ဂျီက ထပ်လောင်းကြေညာခဲ့ပါတယ်။
အခုလိုကွင်းပြောင်းလဲမှုကြောင့် ပီအက်စ်ဂျီအသင်းက ရန်းနက်စ်အသင်းကို လာမယ့်မတ်လဆန်းကျမှသာ အိမ်ကွင်းမှာ ပြန်လည်လက်ခံကစားသွားရပါမယ်။