စီရင်ချက်ထွက်ပေါ်လာပြီးနောက် မန်စီးတီးပရိသတ်တွေအပေါ် စာနာနားလည်ပေးခဲ့တဲ့ မာရက်စ်ကာ
ပြီးခဲ့တဲ့တနင်္ဂနွေနေ့၊ အန်ဖီးလ်ကွင်းမှာ လီဗာပူးကို ၀-၃ ဂိုးဖြင့် အနိုင်ရရှိပြီးနောက် ပရီးမီးယားလိဂ်ဘဏ္ဍာရေးစည်းမျဉ်းချိုးဖောက်မှုစွဲချက် ၁၁၅ ခုနဲ့ သက်ဆိုင်တဲ့ အကျိုးဆက်တွေကို ကလပ်အသင်းပရိသတ်တွေကိုယ်တိုင် ဆိုးဆိုးရွားရွားခံစားနေကြရတဲ့ပုံစံမျိုး ရှိတယ်လို့ မန်စီးတီးနည်းပြမာရက်စ်ကာ ပြောကြားခဲ့ပါတယ်။
ဘဏ္ဍာရေးစည်းမျဉ်းချိုးဖောက်မှုတွေမှာ မန်စီးတီးအသင်း အပြစ်ရှိတယ်ဆိုတဲ့ စီရင်ချက် ထွက်ပေါ်လာပြီးနောက် ကျခံရနိုင်တဲ့ ပြစ်ဒဏ်နဲ့ပတ်သက်လို့ ထင်ကြေးပေးမှုများစွာ ရှိနေချိန် လီဗာပူးပရိသတ်တွေကတော့ မန်စီးတီးကစားသမားတွေကို လှောင်ပြောင်ဟစ်ကြွေးခဲ့ကြသလို "တန်းဆင်းရတော့မယ်၊ တန်းဆင်းရတော့မယ်!" ဆိုပြီး အော်ဟစ်ခဲ့ကြပါတယ်။
မန်စီးတီးကတော့ စွဲချက်အားလုံးကို ငြင်းဆိုထားပြီး စီရင်ချက်အပေါ် အယူခံဝင်ထားပါတယ်။
ဒီနိုင်ပွဲကြောင့် ပီအက်စ်ဂျီကို အီတီဟတ်မှာ ဧည့်ခံရမယ့် ဗုဒ္ဓဟူးနေ့ချန်ပီယံလိဂ်ပွဲစဉ်မတိုင်ခင် မန်စီးတီးရဲ့အခုဘောလုံးရာသီ၊ ရာနှုန်းပြည့်နိုင်ပွဲဆက်မှတ်တမ်းကို ဆက်လက်ထိန်းသိမ်းထားနိုင်ပြီး ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံးနေရာမှာလည်း ဆက်လက်ရပ်တည်နေပါတယ်။
အင်္ဂါနေ့၊ သတင်းထောက်တွေနဲ့တွေ့ဆုံချိန် မာရက်စ်ကာက "ပွဲစဉ်အပြီးမှာ ကျွန်တော်တို့ ပရိသတ်တွေနဲ့အတူ အချိန်တွေ မျှဝေရင်း ကွင်းထဲမှာ အရမ်း ပျော်ရွှင်ခဲ့ကြပါတယ်။ ဒါပေမဲ့ ဒါက ကစားသမားတွေအတွက် ဒါမှမဟုတ် ကျွန်တော်ကိုယ်တိုင်အတွက်ထက်စာရင် ကျွန်တော်တို့ရဲ့ပရိသတ်တွေအတွက် ပိုပြီး ခက်ခဲခဲ့ပုံ ရပါတယ်"
"ဒါ ပိုပြီး ရှုပ်ထွေးပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်သာ အာဆင်နယ်ပရိသတ် သို့မဟုတ် မန်ချက်စတာယူနိုက်တက်ပရိသတ်ဖြစ်နေပြီး ခင်ဗျားက မန်စီးတီးပရိသတ် ဖြစ်နေရင် 'ဟေ့လူ၊ ခင်ဗျားတို့က လူလိမ်တွေပဲ' ဆိုတာမျိုး သို့မဟုတ် အဲဒီလိုစကားမျိုးတွေ ကျွန်တော် ပြောနိုင်လို့ပါပဲ။ ဒါကြောင့် သူတို့အတွက်တော့ ဒါက ပိုပြီး ခက်ခဲခဲ့တာ ဖြစ်နိုင်ပါတယ်" လို့ ဆိုပါတယ်။
အန်ဖီးလ်ကွင်းအတွင်း မန်စီးတီးရဲ့အောင်ပွဲခံမှုတွေအပေါ် ဝေဖန်မှုတွေကိုလည်း မာရက်စ်ကာက ပြန်လည်တုံ့ပြန်ခဲ့ပြီး အဓိကပြိုင်ဘက်ကို အနိုင်ယူခဲ့တဲ့ အရေးပါမှုအတွက် ပျော်ရွှင်ခဲ့ကြမှုကို မီဒီယာတချို့နဲ့ အခြားပရိသတ်တွေ ဘာကြောင့် မေးခွန်းထုတ်နေကြသလဲဆိုတာ နားမလည်နိုင်အောင် ဖြစ်ရတယ်လို့ ပြောဆိုခဲ့ပါတယ်။