
ကလပ်ကမ္ဘာ့ဖလားအောင်ပွဲနဲ့အတူ ဂျိုတာတို့ညီအစ်ကိုဆီ ဂုဏ်ပြုခဲ့တဲ့ ပက်ဒရိုနက်တို
ပေါ်တူဂီကြယ်ပွင့်ပက်ဒရိုနက်တိုက ချဲလ်ဆီးရဲ့ကလပ်ကမ္ဘာ့ဖလားအောင်ပွဲကို ကွယ်လွန်သွားဖြစ်တဲ့ လက်ရွေးစင်အသင်းဖော် ဂျိုတာနဲ့ အန်ဒရေဆေးလ်ဗားတို့အတွက် ဂုဏ်ပြုမှုအဖြစ် ရည်ညွှန်းသွားခဲ့ပါတယ်။ လန်ဒန်မြို့ခံတွေက MetLife Stadium ကွင်းအတွင်း ဥရောပချန်ပီယံပီအက်စ်ဂျီကို ၃-၀ ဂိုးဖြင့် အနိုင်ယူကာ ပုံစံသစ်ပြိုင်ပွဲရဲ့အဖွင့်ဆုဖလားကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။
လီဗာပူးကြယ်ပွင့်ဂျိုတာနဲ့ သူ့ရဲ့ညီဖြစ်သူတို့ဟာ မော်တော်ယာဉ်မတော်တဆမှုဖြစ်စဉ်တစ်ခုအတွင်း ကွယ်လွန်တိမ်းပါးသွားခဲ့လို့ ဘောလုံးကမ္ဘာတစ်ဝှမ်း ဝမ်းနည်းပူဆွေးခဲ့ကြပါတယ်။ စိတ်လှုပ်ရှားဖွယ်ရက်သတ္တပတ်တစ်ခုအပြီး နက်တိုရဲ့အတွေးတွေက သူ့ရဲ့နိုင်ငံတူလုပ်ဖော်ကိုင်ဖက်တွေဆီ ရောက်ရှိသွားပြီး သူတို့ကို ဂုဏ်ပြုပေးဖို့ လတ်တလောအောင်ပွဲကို ရည်ညွှန်းသွားခဲ့ပါတယ်။
ချဲလ်ဆီးအသင်းဝက်ဘ်ဆိုဒ်မှတဆင့် နက်တိုက “ ဂျိုတာနဲ့ အန်ဒရေဆေးလ်ဗားအတွက် ဒီချန်ပီယံဆုကြီးကို အရယူမယ်လို့ ကျွန်တော်ပြောခဲ့ပါတယ်။ ဒါဟာ မယုံကြည်နိုင်စရာအောင်ပွဲတစ်ခုပါ။ ကျွန်တော်တို့ လုပ်ပြခဲ့တဲ့ပုံစံကလည်း မယုံကြည်နိုင်စရာ ကောင်းပါတယ်။ အခုနိုင်ပွဲနဲ့အတူ ပြိုင်ပွဲကို ကျွန်တော်တို့ အောင်အောင်မြင်မြင်ပိတ်သိမ်းလိုက်နိုင်ပါပြီ။ ကျွန်တော်တို့ တကယ်ပျော်ရွှင်မိပါတယ်”လို့ ပြောပါတယ်။
ဆက်လက်ပြီး ဝုဗ်တိုက်စစ်မှူးဟောင်းက အသင်းရဲ့သဟဇာတဖြစ်မှုကို အောင်မြင်မှုရဲ့အဓိကသော့ချက်အဖြစ် ရည်ညွှန်းရင်း ကလပ်ကမ္ဘာ့ဖလားချန်ပီယံဆုကြီးနဲ့ သူတို့ချဲလ်ဆီးအသင်း အပြည့်အဝထိုက်တန်တယ်လို့ ပြောကြားခဲ့ပါတယ်။ နက်တိုက “ အရိုးသားဆုံးပြောရရင် အကောင်းဆုံးခံစားချက်ဖြစ်ပါတယ်။ ဒီအခိုက်အတန့်အတွက် ကျွန်တော် ပျော်ရွှင်မိပါတယ်။ ကလပ်အသင်းနဲ့အတူ ချန်ပီယံဆုကြီးကိုဆွတ်ခူးနိုင်မှုက မယုံကြည်နိုင်စရာခံစားချက်တစ်ခု ဖြစ်ပါတယ်။
ဒီထက်ပိုပြီးတော့လည်း အောင်မြင်မှုတွေ လိုချင်မိနေပါတယ်။ ဒါက ကျွန်တော့်ရဲ့စိတ်ဓါတ်ပိုင်းပါ။ ဒီကလပ်အသင်းအတွက် ထူးရှယ်အသင်းဖော်တွေနဲ့အတူ ဆုဖလားတွေ အနိုင်ယူဖို့ ဒီနေရာမှာ ရောက်ရှိနေတာပါ။ မျှော်လင့်ချက်တွေအတိုင်း ဆက်လက်လျှောက်လှမ်းနိုင်လိမ့်မယ်လို့ ယုံကြည်မိပါတယ်”လို့ ဆိုပါတယ်။