The network connection is lost.

Banner Image

ဘယ်လ်ဂျီယံမြေမှာ အီတလီအတွက် သင်ခန်းစာ ရရှိခဲ့တယ်လို့ ဆိုလိုက်တဲ့ မန်စီနီ

အီတလီနည်းပြ ရောဘတ်တိုမန်စီနီက ဘယ်လ်ဂျီယံကို ၄-၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပွဲစဉ်မှာ သူတို့အသင်းထက် ပြိုင်ဘက်အသင်းရဲ့စွမ်းဆောင်ရည် ပိုမိုကောင်းမွန်ခဲ့တယ်လို့ ဝန်ခံခဲ့ပေမဲ့ ဒီပွဲစဉ်ကြောင့် အသင်းရဲ့တိုးတက်ပြောင်းလဲမှုလုပ်ငန်းစဉ်မှာ အထောက်အကူဖြစ်လာစေလိမ့်မယ်လို့ ယုံကြည်နေပါတယ်။

ဘရပ်ဆဲလ်မြို့ဆီ လာရောက်ယှဉ်ပြို်ငတဲ့ အီတလီအသင်းက တစ်မှတ်ရရှိရုံဖြင့် နေးရှင်းလိဂ်ကွာတားဖိုင်နယ်ဆီ တက်ရောက်နိုင်ဖို့ လုံလောက်သလို အက်စ်ပိုစီတိုရဲ့ဦးဆောင်ဂိုးနဲ့အတူ ပြီးပြည့်စုံတဲ့ အစပြုမှုကို ရရှိခဲ့ပါတယ်။
 
ဒါပေမဲ့လည်း ၁၅ မိနစ်အတွင်းမှာတင် ဒီကွိုင်ပါ၊ အန်ဂွိုင်း၊ ဒိုကူတို့ရဲ့သွင်းဂိုးတွေကြောင့် အရာအားလုံး ပြောင်းပြန်လှန်သွားပြီး အီတလီက ၃-၁ ဂိုးဖြင့် နောက်မှလိုက်ကစားခဲ့ရပါတယ်။

ပွဲပြီးခါနီးမှာ ပီယိုအက်စ်ပိုစီတိုရဲ့ ပင်နယ်တီကန်ချက်ကို လမ်မန်းစ် ကာကွယ်သွားခဲ့သလို ဘယ်လ်ဂျီယံက တန်ပြန်တိုက်စစ်မှတဆင့် မီလန်တောင်ပံကစားသမားမိုရီရာရဲ့ စတုတ္ထမြောက်အနိုင်ဂိုးကိုပါ ရရှိခဲ့ပါတယ်။

RAI Sport နဲ့တွေ့ဆုံချိန် မန်စီနီက "သူတို့ ပိုကောင်းခဲ့ပါတယ်။ ခန္ဓာကိုယ်ကြံ့ခိုင်မှုပိုင်း ယှဉ်ပြိုင်မှုနဲ့ တစ်ဦးချင်းရင်ဆိုင်မှုတေါမှာ ကျွန်တော်တို့ အများကြီး အခက်တွေ့ခဲ့ရပါတယ်။ ကျွန်တော်တို့အတွက် တာထွက်ကောင်းခဲ့ပေမဲ့ ဒီညမှာတော့ ဘယ်လ်ဂျီယံက ပိုကောင်းခဲ့ပါတယ်"

"တောင်ပံတွေဆီ ဘောလုံးရောက်သွားချိန်တိုင်း မှန်ကန်တဲ့ဖိအားပေးမှု ပြုလုပ်နိုင်ဖို့ ကျွန်တော်တို့ ရုန်းကန်ခဲ့ရသလို သူတို့ကလည်း ကျွန်တော်တို့ကို အခက်တွေ့စေခဲ့ပါတယ်။ ပြင်သစ်နဲ့ပွဲစဉ်ကြောင့် ပင်ပန်းနွမ်းနယ်မှုအချို့ကို ကျွန်တော်တို့ ခံစားခဲ့ရပေမဲ့ ပြိုင်ဘက်အတွက် ဒီနိုင်ပွဲနဲ့ထိုက်တန်နေလို့ ထပ်ပြောစရာ ဘာမှမရှိတော့ပါဘူး" လို့ ဆိုပါတယ်။

စက်တင်ဘာ ၂၅ ရက်၊ ပထမအကျော့အိမ်ကွင်းပွဲစဉ်မှာ ဘယ်လ်ဂျီယံကို ၀-၂ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ဖူးပြီး အုပ်စုအပိတ်ပွဲစဉ်မတိုင်ခင် အုပ်စုဗိုလ်နေရာမှာ ရပ်တည်နိုင်ခဲ့တဲ့ အချက်ကို ထည့်တွက်ကြာ့်မယ်ဆိုရင် အနာဂတ်အတွက် ဆက်တည်ဆောက်စရာတွေ အများကြီးရှိနေတဲ့ နေးရှင်းလိဂ်ခရီးစဉ်တစ်ခု ဖြစ်ခဲ့ပါတယ်။

မန်စီနီက "တိုးတက်ပြောင်းလဲမှုလုပ်ငန်းစဉ်တွေမှာ ဒီလိုညမျိုးတွေ ဖြစ်ပေါ်လာတတ်ပြီး ဒီအတွေ့အကြုံတွေမှတဆင့် သင်ခန်းစာယူဖို့ လိုပါတယ်။ ကျွန်တော်တို့ ဒီနေရာအထိ ရောက်ရှိလာခဲ့တဲ့ ပုံစံအရ နောက်တစ်ဆင့်တက်ရောက်ဖို့ အခွင့်အရေး ရရှိခဲ့ပေမဲ့ ဘယ်လ်ဂျီယံဆိုတာ တောင့်တင်းတဲ့ အသင်းတစ်ခုဖြစ်တာကြောင့် ခက်ခဲလိမ့်မယ်ဆိုတာ ကျွန်တော်တို့ သိထားပြီးသားပါ"

"ကျွန်တော်တို့ စိတ်မကောင်းဖြစ်ရပေမဲ့ ဒီညက ရှေ့ဆက်သွားမယ့် ခရီးအတွက် ကျွန်တော်တို့ကို အထောက်အကူ ပြုပါလိမ့်မယ်" လို့ ထပ်ပြောပါတယ်။

အခုပွဲစဉ်မှာ ဒွန်နာရမ်မာ အဝါကတ်ပြသခံရလို့ အီတလီရဲ့နောက်ပွဲစဉ်ကို လွဲချော်ဖို့ရှိနေပေမဲ့ နေးရှင်းလိဂ်ကွာတားဖိုင်နယ်တော့ မဟုတ်ပါဘူး။

ယင်းအစား ပြင်သစ်က အုပ်စုဗိုလ်၊ ဘယ်လ်ဂျီယံက ဒုတိယနေရာဖြင့် နောက်တစ်ဆင့် တက်ရောက်သွားခဲ့ပါတယ်။