The network connection is lost.

Banner Image

မိုက်ကယ်ကာရစ်အပေါ် ကလပ်အသင်းရဲ့ဆက်ဆံပုံကို ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့တဲ့ မန်ချက်စတာယူနိုက်တက်ဂန္တဝင်

ပိုချက်တီနိုနဲ့ ချိတ်ဆက်နေတဲ့ ကောလာဟလတွေ ဆက်တိုက်ထွက်ပေါ်နေချိန် မိုက်ကယ် ကာရစ်အပေါ် မန်ချက်စတာယူနိုက်တက်ရဲ့ပြုမူဆက်ဆံပုံကို လေးစားမှုမရှိတဲ့ လုပ်ရပ်အဖြစ် ပီတာရှမိုက်ကယ်က စွပ်စွဲပြစ်တင်လိုက်ပါတယ်။

လတ်တလောမှာ ကာရစ်ကို ရာထူးမှ ထုတ်ပယ်မယ်ဆိုရင် ဒီအာဂျင်တီးနားလူမျိုးနည်းပြကို ခေါ်ယူဖို့အတွက် အစီအစဉ်တွေ ရေးဆွဲထားတယ်လို့ သိရပါတယ်။

လက်ရှိအမေရိကန်အမျိုးသားလက်ရွေးစင်အသင်းကို တာဝန်ယူနေတဲ့ ပိုချက်တီနိုကလည်း အိုးထရက်ဖို့ဒ်ဆီ ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

မန်ချက်စတာယူနိုက်တက်ဂိုးသမားဟောင်း ရှမိုက်ကယ်ကတော့ ကာရစ်ရဲ့အထက်ပိုင်း အကြီးအကဲတွေဆီမှာ ပြဿနာရဲ့မူလဇစ်မြစ် တည်ရှိနေတယ်လို့ ယုံကြည်နေပြီး လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့စျေးကွက်မှာ လက်ရှိနည်းပြကို ကစားသမားသစ်ခေါ်ယူခွင့် ပေးသင့်တယ်လို့ ထောက်ပြပြောဆိုခဲ့ပါတယ်။

The Overlap Daily ဆီ ရှမိုက်ကယ်က "ကာရစ်အတွက် ကျွန်တော် တကယ်ကို စာနာနားလည်မိပါတယ်။ ဒီကိစ္စဖြစ်ပျက်နေတဲ့ ပုံစံက သူ့အပေါ် အလွန်အမင်း လေးစားမှုမရှိရာ ရောက်တယ်လို့ ကျွန်တော် ထင်ပါတယ်" လို့ ပြောပါတယ်။

"ရိုးရိုးသားသားပြောရရင် သူရဲ့အမှားအယွင်း ရှိနေတယ်လို့တောင် ကျွန်တော် မထင်ပါဘူး။ သူတာဝန်ယူနေတဲ့အသင်းရဲ့ အမှတ်ပေးဇယားရပ်တည်မှု ဘယ်နေရာဆီ ရောက်နေသလဲဆိုတာ ကျွန်တော် သိပေမဲ့ ဒါတွေအားလုံးကို သူ့အပေါ်မှာပဲ မပုံချချင်ပါဘူး"

"ဆာအဲလက်စ်ဖာဂူဆန်နဲ့ ဒေးဗစ်ဂီးလ်တို့ ကလပ်အသင်းမှထွက်ခွာသွားပြီးနောက် မန်ချက်စတာယူနိုက်တက်မှာ ဖြစ်ပျက်နေတဲ့အရာတွေ အများကြီးရှိပါတယ်။ အဲ့ဒါကို ဘယ်တုန်းကမှ မပြုပြင်ခဲ့ကြပါဘူး။ တာဝန်ယူထားတဲ့သူတွေဆိုတာလည်း လူမှန်နေရာမှန်မဖြစ်ဘဲ အခြေအနေတွေ တဖြည်းဖြည်း ပိုဆိုးလာခဲ့ပါတယ်"

"အခု ဒီအပြောင်းအရွှေ့ဈေးကွက်အကြောင်းကို စဉ်းစားကြည့်မယ်ဆိုရင် မန်ချက်စတာယူနိုက်တက်မှာ နောက်ခံလူတွေ လိုအပ်နေတယ်ဆိုတာကို လူတိုင်း (သို့မဟုတ်) ဘောလုံးအကြောင်း နည်းနည်းလောက် သိမယ့်သူတောင် ရှင်းရှင်းလင်းလင်း နားလည်ကြပါတယ်"

"သူတို့က နောက်ခံလူတစ်ဦးမှမခေါ်ယူဘဲ အပြောင်းအရွှေ့ကာလတစ်ခုလုံးကို ဖြတ်သန်းခဲ့ကြတာပါ။ ၁၀ ပွဲမှာ ဂိုး ၃၀ လောက် ပေးနေရရင်တော့ ပွဲတွေကို အနိုင်ရဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ အဲ့ဒါကိုလည်း မဖြေရှင်းပေးခဲ့ကြပါဘူး"

"ဒါကြောင့် ကျွန်တော်လည်း ကာရစ်ကို အများကြီးစာနာမိပါတယ်။ လက်ရှိဖြစ်ပျက်နေတဲ့အရာတွေက မှားယွင်းနေတယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့တွေ ကာရစ်ဘက်ကိုပဲ ဆက်လက်ရပ်တည်သင့်ပါတယ်"

"ကျွန်တော်တို့တွေ အသင်းကို အနည်းငယ်တည်ငြိမ်အောင် ထိန်းထားဖို့ ကြိုးစားသင့်ပြီး ဇန်နဝါရီလရောက်ချိန် အသင်းရှေ့ဆက်နိုင်ဖို့ သူ လိုအပ်တယ်လို့ ယူဆတဲ့ ကစားသမားတွေကို ခေါ်ယူပေးသင့်သလို ဒီရာသီရဲ့ပန်းတိုင်အပေါ်မှာလည်း လက်တွေ့ကျကျ စဉ်းစားသင့်တယ်လို့ ကျွန်တော် ထင်ပါတယ်" လို့ ဆိုပါတယ်။