The network connection is lost.

Banner Image

နော်တင်ဟမ်ဖောရက်စ်ကြယ်ပွင့် ဂစ်ဝှိုက်ကို ပေါင်သန်း ၆၀ နဲ့ခေါ်ယူသွားမယ့် တော့တင်ဟမ်

တော့တင်ဟမ်ဟာ နော်တင်ဟမ်ဖောရက်စ်ကွင်းလယ်ကြယ်ပွင့် မော်ဂန်ဂစ်ဝှိုက်ကို ခေါ်ယူဖို့ ပြင်ဆင်နေပြီး ကစားသမားရဲ့စာချုပ်ဖျက်သိမ်းကြေး ပေါင်သန်း ၆၀ ကို ပေးချေသွားတော့မယ်လို့ သတင်းတွေထွက်ပေါ်လာပါတယ်။  တယ်လီဂရပ်ဖ်သတင်းဌာနရဲ့အဆိုအရ တော့တင်ဟမ်နည်းပြသစ် သောမတ်စ်ဖရန့်ခ်ဟာ ဂစ်ဝှိုက်ကို ကာလရှည်သဘောကျနေခဲ့သူဖြစ်ပြီး ယခုအခါမှာတော့ အပြောင်းအရွှေ့ဖြစ်မြောက်လာဖို့ တွန်းအားပေးလုပ်ဆောင်နေတယ်လို့သိရပါတယ်။ 

အသက်-၂၅ နှစ်အရွယ် အင်္ဂလန်လက်ရွေးစင်ကို မန်ချက်စတာစီးတီးကလည်း စိတ်ဝင်စားနေပေမယ့် ယခုနွေရာသီအတွင်း ပက်ဂွါဒီယိုလာဟာ ရာယန်ချာကီနဲ့ တီဂျန်နီရိန်ဒါစ်တို့ကို ခေါ်ယူအားဖြည့်ထားပြီးဖြစ်တာကြောင့် ကမ်းလှမ်းမှုပြုလုပ်လာဖို့မရှိတော့ပါဘူး။ တော့တင်ဟမ်ကတော့ လာမယ့် ၂၄ နာရီအတွင်းမှာပဲ ဂစ်ဝှိုက်ကို ဆေးစစ်မှုတွေပြုလုပ်ပြီး အပြောင်းအရွှေ့ကိုကြေညာသွားမယ်လို့ အပြောင်းအရွှေ့ဂျာနယ်လစ် ဖာဘရီဇီယိုရိုမာနိုက ဆိုပါတယ်။ 

သောမတ်စ်ဖရန့်ခ်ရောက်ရှိလာတာနဲ့ တပြိုင်နက် တော့တင်ဟမ်ဟာ အသင်းရဲ့လူစာရင်းကို အတောင့်တင်းဆုံးဖြစ်အောင် ပြင်ဆင်နေတာဖြစ်ပြီး ပြီးခဲ့တဲ့ရာသီက အဆင့် ၁၇ နဲ့ရာသီသိမ်းခဲ့တာမျိုးကို ဒီနှစ်မှာတော့ ထပ်အဖြစ်ခံဖို့မရှိပါဘူး။ ယခုနွေရာသီအတွင်း တော့တင်ဟမ်ဟာ ကီဗင်ဒန်ဆိုနဲ့ မာသီစ်တဲလ်တို့ကို အငှားစာချုပ်မှ အပြီးသတ်ခေါ်ယူလိုက်ပြီဖြစ်ပြီး နောက်ခံလူ ကိုတာ တာကာအီကိုလည်း ခေါ်ယူအားဖြည့်ထားပါတယ်။ 

ဒါ့အပြင် တော့တင်ဟမ်ဟာ တိုက်စစ်ပိုင်းအတွက် ဝက်စ်ဟမ်းတောင်ပံကစားသမား မိုဟာမက်ကူဒက်စ်ကိုလည်း ကြာသပတေးနေ့ကမှ ကြေးကြီးပေးပြီးခေါ်ယူထားခဲ့တာဖြစ်ပါတယ်။ မကြာသေးမီရာသီအချို့မှာ နော်တင်ဟမ်ဖောရက်စ်နဲ့အတူ တောက်ပလာခဲ့တဲ့ ဂစ်ဝှိုက်ဟာ လက်ရှိပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးကွင်းလယ်လူစာရင်းမှာပါဝင်နေသူဖြစ်ပြီး ပြီးခဲ့တဲ့ရာသီက အသင်းကို ယူရိုပါလိဂ်ဝင်ခွင့်ရရှိစေခဲ့ပါတယ်။ 

တော့တင်ဟမ်အနေနဲ့ လာမယ့်စနေနေ့မှာတော့ ဂစ်ဝှိုက်ကိုခေါ်ယူလိုက်ပြီဖြစ်ကြောင်း အတည်ပြုကြေညာလာဖွယ်ရှိနေပါတယ်။ ရာသီကြိုခြေစမ်းပွဲစဉ်တွေမှာတော့ တော့တင်ဟမ်ဟာ ရီးဒင်း၊ လူတန်၊ အာဆင်နယ်၊ နယူးကာဆယ်၊ ဘိုင်ယန်မြူးနစ်တို့နဲ့ ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး ဩဂုတ်လအလယ်မှာတော့ ယူအီးအက်ဖ်အေစူပါဖလားပွဲစဉ်အဖြစ် ချန်ပီယံလိဂ်ချန်ပီယံ ပီအက်စ်ဂျီနဲ့ ထိပ်တိုက်တွေ့ဆုံသွားပါမယ်။