The network connection is lost.

Banner Image

အာဖရိကဖလားပြိုင်ပွဲဝင်မယ့် မိုဆာလက်နေရာမှာ အစားထိုးနိုင်တဲ့ကစားသမားကို ထုတ်ပြောလိုက်တဲ့ အန်းစလော့

လီဗာပူးနည်းပြအန်းစလော့က အာဖရိကနိုင်ငံများဖလားပြိုင်ပွဲကြောင့် ၂၀၂၅-၂၀၂၆ ဘောလုံးရာသီရဲ့ ကာလတစ်ခုကို လွဲချော်ဖို့ရှိနေတဲ့ မိုဆာလက်နေရာမှာ ပြောင်းရွှေ့ကြေးပေါင် ၂၉ ဒဿမ ၅ သန်းဖြင့် ခေါ်ယူထားတဲ့ ဖရင်းပေါင်ကို ယာယီအစားထိုးအသုံးပြုရန် စဉ်းစားနေတယ်လို့ အတည်ပြုခဲ့ပါတယ်။ ဒါ့အပြင် ဒတ်ချ်လူမျိုးနည်းပြက ခံစစ်မှတိုက်စစ်သို့ ညာနောက်ခံလူပြောင်းရွှေ့ခြင်းကြောင့် အီဂျစ်သားကိုလက်လွှတ်လိုက်ရမှုဟာ အပြောင်းအရွှေ့အစီအစဉ်များအပေါ် လွှမ်းမိုးမှုရှိခဲ့တယ်လို့ ဝန်ခံခဲ့ပါတယ်။

ဖရင်းပေါင်က အခုနွေရာသီကာလအတွင်း လေဗာကူဆင်မှ လီဗာပူးဆီ ရောက်ရှိလာသူ ဖြစ်ပါတယ်။ အာနိုးလ်ထွက်ခွာသွားပြီးနောက်ပိုင်း ညာနောက်ခံလူနေရာအားကောင်းစေဖို့ ကနဦးခေါ်ယူခဲ့ခြင်းဖြစ်ပေမယ့် အခုအချိန်မှာတော့ အန်းစလော့က သူ့ကို မိုဆာလက်ရဲ့နေရာအစားထိုးပေးနိုင်မယ့် စွယ်စုံရရွေးချယ်မှုအဖြစ် ရှုမြင်လာခဲ့ပါတယ်။ အီဂျစ်သားက အာဖရိကနိုင်ငံများဖလားပြိုင်ပွဲကြောင့် ဒီဇင်ဘာလနဲ့ ဇန်နဝါရီလအတွင်း ကစားရမယ့် လီဗာပူးအသင်းရဲ့ပွဲစဉ်အများစုကို လွဲချော်သွားရဖို့ ရှိနေပါတယ်။

အာဖရိကဖလားပြိုင်ပွဲကာလအတွက် အသင်းလူစာရင်းကို စိတ်ကူးထဲမှာပုံဖော်ကြည့်ပြီးပြီလားဆိုတဲ့ မေးခွန်းကို အန်းစလော့က “ ဟုတ်ပါတယ်။ ဒါကို ကျွန်တော်တို့ သေချာပေါက်စဉ်းစားထားပါတယ်။ ညာအစွန်နောက်ခံလူနေရာမှာကစားနိုင်စွမ်းရှိတာကြောင့် ကျွန်တော်တို့တွေ ဖရင်းပေါင်ကို ခေါ်ယူခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော့်အမြင်၊ ကျွန်တော့်ခံစားချက်အရ သူက ညာတောင်ပံမှာလည်း ကစားနိုင်ပါတယ်။ မိုဆာလက်ကို လက်လွှတ်ရလိမ့်မယ်ဆိုတဲ့အချက်အပေါ် ကျွန်တော်တို့တွေးတောခဲ့တာပါ။ အများဆုံး ခြောက်ပွဲလောက်ရှိလိမ့်မယ်လို့ ထင်ပါတယ်။ အထူးသဖြင့် ပြီးခဲ့တဲ့ဘောလုံးရာသီမှာ သူဘယ်လောက်အထိ အစွမ်းပြခဲ့သလဲဆိုတာကို မြင်တွေ့ထားမယ်ဆိုရင် ဒါက ပရီးမီးယားလိဂ်မှာတော့ အတော်လေးများပြားတဲ့ ပွဲစဉ်ပမာဏဖြစ်ပါတယ်။ ဖရင်းပေါင်ကိုခေါ်ယူဖို့ အကြောင်းပြချက်များစွာရှိပေမယ့် အဲ့ဒီထဲမှ တစ်ချက်ကတော့ သူက မိုဆာလက်မရှိရင် မိုဆာလက်နေရာမှာ အစားထိုးနိုင်မယ့်သူ ဖြစ်နေလို့ပါပဲ။ ကျွန်တော့်အတွက် မိုဆာလက်နေရာမှာ အစားထိုးနိုင်မယ့် အခြားရွေးချယ်စရာများစွာ ရှိပေမယ့် ဖရင်းပေါင်လည်း ရွေးချယ်ခွင့်တစ်ခုအဖြစ် သေချာပေါက်ပါဝင်နေပါတယ်”လို့ တုံ့ပြန်ဖြေကြားခဲ့ပါတယ်။

အီဂျစ်သာ အာဖရိကနိုင်ငံများဖလားပြိုင်ပွဲမှာ နောက်ဆုံးအဆင့်တွေအထိ တက်လှမ်းနိုင်မယ်ဆိုရင် မိုဆာလက်က လီဗာပူးရဲ့ပွဲစဉ်ခြောက်ခုကို လွဲချော်သွားနိုင်ပါတယ်။ ဒီပွဲစဉ်တွေထဲမှာ တော့တင်ဟမ်၊ ဝုဗ်၊ လိဒ်၊ ဖူလ်ဟမ်တို့နဲ့ ရင်ဆိုင်ရမယ့်ပရီးမီးယားလိဂ်ပွဲစဉ်တွေအပြင် ချန်ပီယံဆုအတွက် အဆုံးအဖြတ်ဖြစ်သွားနိုင်တဲ့ အာဆင်နယ်နဲ့ပွဲစဉ်လည်း ပါဝင်နေပါတယ်။ ဒီလိုအရေးကြီးလှတဲ့ကာလအတွင်း ဖရင်းပေါင်ရဲ့စွယ်စုံရအရည်အသွေးက လီဗာပူးတိုက်စစ်ပိုင်းရဲ့စည်းချက်ကို ထိန်းသိမ်းရာမှာ အရေးပါလာပါလိမ့်မယ်။

ဒီဇင်ဘာ ၂၁ ရက်မှာစတင်မယ့် အာဖရိကနိုင်ငံများဖလားပြိုင်ပွဲနဲ့အတူ အန်းစလော့ကိုယ်တိုင်လည်း သူ့ရဲ့အရန်အစီအစဉ်တွေကို စောစောစီးစီးအပြီးသတ်သွားဖို့ လိုအပ်နေပါတယ်။ ဒါကြောင့် လာမယ့်ပွဲစဉ်တွေမှာ ဖရင်းပေါင်အတွက် တိုက်စစ်ပိုင်းကစားရမယ့်မိနစ်တွေ ရှိလာလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ မိုဆာလက်မပါဝင်နိုင်မှုက အသင်းလူစာရင်းမှာရှိနေတဲ့ အခြားကစားသမားတွေအတွက် အခွင့်အလမ်းတွေလည်း ပေးစွမ်းနိုင်ပါတယ်။