The network connection is lost.

Banner Image

နွေရာသီမှာ ငွေရှာဖို့အတွက် ကစားသမား ၇ ဦးအထိ ရှင်းထုတ်မယ့် အာတီတာ

အာဆင်နယ်အသင်းနည်းပြ အာတီတာတစ်ယောက် နွေရာသီမှာ ငွေရှာဖို့အတွက် ကစားသမား ၇ ဦးလောက်အထိ ရှင်းထုတ်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ အာဆင်နယ်ဟာ ပြည်တွင်းဖလား ၂ လုံးကနေထွက်ခွာခဲ့ရပြီးနောက် နောက်ထပ်ဖလားလက်မဲ့ရာသီတစ်ခုနဲ့ရင်ဆိုင်ရဖို့များနေပါတယ်။ ပရီးမီးယားလိဂ်မှာလည်း လီဗာပူးအသင်းကို အမီလိုက်နေပေမယ့် ၆ မှတ်အပြင် လီဗာပူးအသင်းလက်ထဲမှာ ပွဲကျန် ၁ ပွဲကျန်နေသေးတာဖြစ်ပါတယ်။

ချန်ပီယံလိဂ်ဖလားရဖို့ အခွင့်အရေးရှိနေပေမယ့် အသင်းဂန္ထဝင်ဟောင်း ပေါလ်မာဆင်က နယူးကာဆယ်နဲ့ပွဲက စွမ်းဆောင်ရည်မျိုးကြောင့် သံသယဖြစ်နေပါတယ်။ မယ်ရာသတင်းဌာနကတော့ အာတီတာဟာ လာမယ့်နွေရာသီမှာ အသင်းလူအင်အားကို အကြီးစားပြင်ဆင်ဖို့ လုပ်ဆောင်နေတယ်လို့ ဖော်ပြခဲ့ပါတယ်။

စတာလင် ၊ နက်တိုတို့အပြင် ပါတေး ၊ ဂျော်ဂျင်ဟို ၊ တီယာနေး ၊ ဇင်ချန်ကို ၊ ခီဗီယောတို့ကို ရောင်းထုတ်ဖို့ ပြင်ဆင်နေပါတယ်။ ဂျော်ဂျင်ဟိုကတော့ လာမယ့်နွေမှာ ဖလာမင်ဂိုအသင်းထံပြောင်းရွှေ့မှာဖြစ်ပြီး တီယာနေးက အသင်းဟောင်း ဆဲလ်တစ်အသင်းထံပြန်မှာဖြစ်ပါတယ်။ အာတီတာက အဆိုပါကစားသမား ၇ ဦးကိုရှင်းထုတ်နိုင်ခဲ့ရင် တိုက်စစ်မှူး ၊ ကွင်းလယ်ခံစစ်ကစားသမား နဲ့ ဂိုးသမားကိုပါခေါ်ယူဖွယ်ရှိနေပါတယ်။

တိုက်စစ်နေရာအတွက်တော့ ဆက်စ်ကို နဲ့ အီဆက်တို့ကို လျာထားပြီး ကွင်းလယ်နေရာအတွက်တော့ ဇူဘီမန်ဒီကို ပေါင် ၅၁ သန်းနဲ့ ခေါ်ယူနိုင်ခဲ့ပြီလို့ သတင်းတွေက ဖော်ပြနေကြသလို နောက်ထပ်ဆယ်ကျော်သက်စတား နီဗန်ကိုလည်း ထပ်မံခေါ်ယူဖွယ်ရှိနေပါတယ်။ ဂိုးသမားနေရာအတွက်တော့ အက်စ်ပန်ညိုစတား ဂျိုအန်ဂါစီယာကို ခေါ်ယူဖွယ်ရှိနေပါတယ်။ လာမယ့်စနေနေ့မှာ အာဆင်နယ်ဟာ လက်စတာနဲ့ရင်ဆိုင်ရမှာဖြစ်ပြီး လီဗာပူးအသင်းကို အမီလိုက်နိုင်ဖို့ ကြိုးစားရမှာဖြစ်ပါတယ်။