ရာဟင်းစတာလင်လို ကစားသမားမျိုးဖြစ်ချင်တယ်လို့ ပြောကြားလာတဲ့ ဒိုကူ
မန်စီးတီးတိုက်စစ်ကစားသမား ဒိုကူက သူ့ရဲ့ ဂိုးသွင်းယူမှုအပိုင်းမှာ ရာဟင်းစတာလင်လိုမျိုး ဖြစ်လာချင်တယ်လို့ ဖွင့်ဟပြောကြားခဲ့ပါတယ်။
ဘရန့်ဖို့ဒ်နဲ့ပွဲမှာ သွင်းယူခဲ့တဲ့ ဘယ်လ်ဂျီယံလက်ရွေးစင် ဒိုကူရဲ့ ဂိုးဟာ မန်စီးတီးအတွက် နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၃ ပွဲမှာ ၄ ဂိုးမြောက် သွင်းယူနိုင်ခဲ့တာဖြစ်ပြီး လက်ရှိမှာ အသင်းအတွက် အန္တရာယ်အပေးနိုင်ဆုံး ဂိုးသွင်းရှင် ဖြစ်နေပါတယ်။
အခုဆိုရင် သူဟာ နောက်ဆုံး ၆ ပွဲမှာ ၅ ဂိုးသွင်း၊ ၂ ဂိုး ဖန်တီးပေးထားနိုင်ခဲ့ပြီး စုစုပေါင်း ဂိုးပါဝင်ပတ်သက်မှု ၇ ကြိမ်အထိ ရှိလာခဲ့ပါတယ်။ ဒါဟာ သူအရင်ကစားခဲ့တဲ့ ၂၄ ပွဲမှာ ရခဲ့တဲ့ အရေအတွက်နဲ့ အတူတူပဲ ဖြစ်ပါတယ်။
ဒိုကူဟာ နည်းပြ ဂွာဒီယိုလာရဲ့လက်အောက်မှာ အကောင်းဆုံးခြေစွမ်းပြနေပေမဲ့ စတာလင် မန်စီးတီးမှာ နှစ်အတော်ကြာ ရှိနေခဲ့စဉ်ကလိုမျိုး လွယ်လွယ်ကူကူ ဂိုးသွင်းယူနိုင်တဲ့ အခွင့်အရေးတွေကို ပိုပြီးရယူနိုင်ဖို့အတွက် သူ့ရဲ့ ကစားဟန်ကို ပြောင်းလဲချင်တယ်လို့ ပွဲအပြီးမှာ ဝန်ခံခဲ့ပါတယ်။
"တစ်ခုရှိတာက ကျွန်တော့်ရဲ့ ဂိုးတွေကို ပြန်ကြည့်လိုက်ရင် ဒီရာသီမှာသွင်းထားတဲ့ ဂိုးတွေထဲမှာ အနီးကပ်ပိတ်သွင်းတာ တစ်ဂိုးမှ မပါသေးပါဘူး။ ဥပမာ ရာဟင်းစတာလင် မန်စီးတီးမှာ ရှိခဲ့တဲ့ ရာသီတွေကို ပြန်ကြည့်ရင် သူဟာ တစ်ရာသီကို အနည်းဆုံး ၅ ဂိုး၊ ၆ ဂိုး ဒါမှမဟုတ် ၇ ဂိုးလောက်အထိ အနီးကပ်ပိတ်သွင်းပြီး ဂိုးတွေ ရခဲ့တာပါ" လို့ ဒိုကူက ပြောပါတယ်။
၎င်းက ဆက်လက်ပြီး "ကျွန်တော့်ဂိုးတွေကို ကြည့်ရင် အားလုံးက ကောင်းမွန်တဲ့ သွင်းဂိုးတွေချည်းပါပဲ၊ ဒါကို အထင်မလွဲစေချင်ပါဘူး။ ဒါပေမဲ့ ကျွန်တော်က ဂိုးတိုင်နောက်ဘက်ကို ပြေးဝင်ပြီး အနီးကပ် ပိတ်သွင်းရုံပဲ သွင်းရတဲ့ ဂိုးမျိုးတွေကိုလည်း ရချင်တာပါ။ ဒါမှလည်း ကျွန်တော့်ရဲ့ ဂိုးအရေအတွက်က ပိုတိုးလာမှာပါ။ ဒါက ကျွန်တော် တကယ်ကို ကြိုးစားအားထုတ်ရမယ့် အချက်ပါပဲ။"
"ဒီလိုဂိုးမျိုးတွေ ရလာမှာပါ၊ အမြဲတမ်းလည်း အခွင့်အရေးရှိနေမှာပါ။ ဒါပေမဲ့ လွယ်ကူတဲ့ ဂိုးတွေ ထပ်ရဖို့ဆိုရင် အဲ့ဒီနေရာမှာ ရှိနေဖို့ လိုပါတယ်။ အဲ့ဒါက ကျွန်တော် လုပ်ချင်တဲ့အပိုင်းပါ။ ဘေးတောင်ပံမှာပဲ နေပြီး ကိုယ်တိုင်ဆွဲပြေးပြီး ဂိုးသွင်းတာမျိုးတင် မဟုတ်ဘဲ အနီးကပ် လွယ်လွယ်ကူကူ ပိတ်သွင်းရတဲ့ ဂိုးမျိုးတွေကိုလည်း ရယူချင်တာပါ" လို့ ဆိုပါတယ်။
ဘရန့်ဖို့ဒ်ကို အနိုင်ရရှိခဲ့ပြီးနောက် မန်စီးတီးဟာ အမှတ်ပေးဇယားထိပ်က အာဆင်နယ်နဲ့ ၂ မှတ်အကွာကို ရောက်ရှိလာခဲ့ပြီး ချန်ပီယံဆုအတွက် ၃ ပွဲပဲ ကစားဖို့ ကျန်ပါတော့တယ်။ နည်းပြ ဂွာဒီယိုလာက အသင်းမှာ သူ့ရဲ့အခန်းကဏ္ဍကို ပြန်လည်သုံးသပ်နေချိန်မှာ ဒိုကူဟာ ရာသီပိတ်ပွဲစဉ်တွေအတွက် အရေးပါတဲ့နေရာက ပါဝင်လာမှာဖြစ်ပါတယ်။