
ပီအက်စ်ဗွီနဲ့ပွဲမှာ သမိုင်းဝင်နိုင်ပွဲရရှိမယ်လို့ မမျှော်လင့်ထားခဲ့ကြောင်း အာတီတာဝန်ခံ
ဗုဒ္ဓဟူးနေ့နံနက်က ချန်ပီယံလိဂ် ရှုံးထွက် ၁၆ သင်းအဆင့် ပထမအကျော့ပွဲစဉ်မှာ ပီအက်စ်ဗွီကို ၁-၇ နဲ့အနိုင်ရခဲ့ပြီးနောက် အာဆင်နယ်နည်းပြမီခေးလ်အာတီတာက အခုလိုသမိုင်းဝင်နိုင်ပွဲတစ်ခုကို ပုံဖော်နိုင်မယ်လို့ မမျှော်လင့်ထားခဲ့ကြောင်း ဝန်ခံပြောကြားလာခဲ့ပပါတယ်။
ပီအက်စ်ဗွီကို ၇ ဂိုးအထိသွင်းယူနိုင်ခဲ့တဲ့အာဆင်နယ်ဟာ ချန်ပီယံလိဂ်သမိုင်းတစ်လျှောက် ရှုံးထွက်အဆင့်မှာ အဝေးဂိုး ၇ ဂိုးအထိရရှိတဲ့ ပထမဆုံးအသင်းအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ တိုက်စစ်ပိုင်းဒဏ်ရာပြဿနာတွေကြောင့် ဂိုးရဖို့ရုန်းကန်နေရပြီး နောက်ဆုံး ၂ ပွဲဆက်ဂိုးပေါက်ပျောက်ခဲ့တဲ့အာဆင်နယ်ဟာ ယခုပွဲစဉ်မှာတော့ တစ်သင်းလုံးဂိုးသွင်းစွမ်းရည်ပြခဲ့ပြီး ကွာတားဖိုင်နယ်အဆင့်သို့ ခြေ ၁ ဖက်လှမ်းနိုင်ခဲ့ပြီဖြစ်ပါတယ်။
အခုလိုသမိုင်းဝင်ဂိုးပြတ်နိုင်ပွဲရရှိမယ်လို့ ကြိုသိနေခဲ့သလားလို့မေးမြန်းခဲ့ရာ အာတီတာက "မသိပါဘူး။ ဒါက ဘောလုံးလောကရဲ့အလှတရားပါပဲ။ ဒီအခန်းထဲမှာရှိတဲ့လူတွေကို မနက်ဖြန်ပွဲမှာ ဘယ်သူကဂိုးသွင်းမယ်၊ ဘယ်လိုရလဒ်ထွက်လာမယ်ဆိုတာ လိုက်မေးကြည့်ပါ။ ဘယ်သူမှမှန်အောင်ပြောနိုင်မှာမဟုတ်ပါဘူး။ ဒါက ဘောလုံးလောကရဲ့လှပမှုတစ်ခုပါပဲ"
"ဘောလုံးမှာ ကိုယ့်ကိုယ်ကိုယ်နှိမ့်ချပြီး အလုပ်ကြိုးစားမယ်ဆိုရင် တိုးတက်လာမှာပါပဲ။ တစ်ပွဲနဲ့တစ်ပွဲက လုံးဝ ကွဲပြားခြားနားပါတယ်။ ဒါကြောင့် ဘယ်သူမှ ကြိုမသိရပါဘူး။ ဒီပွဲကို ကျွန်တော်အရမ်းကျေနပ်ပါတယ်။ ကစားသမားတွေရဲ့စွမ်းဆောင်ရည်အတွက်ကျေးဇူးတင်ပါတယ်။ အရမ်းကောင်းတဲ့အသင်းကို ဂိုးပြတ်အနိုင်ရခဲ့တာပါ။ ပြီးခဲ့တဲ့အဆင့်မှာ သူတို့ဂျူဗင်တပ်စ်ကို ကောင်းကောင်းယှဉ်ပြိုင်ပြီး ကျော်ဖြတ်လာခဲ့နိုင်ပါတယ်။ ဒီပွဲမှာချီးကျူးရမှာ ကျွန်တော်တို့ကစားသမားတွေပါပဲ" လို့ပြောကြားခဲ့ပါတယ်။
ယခုပွဲစဉ်မှာ အာဆင်နယ်အတွက်ဦးဆောင်ဂိုးကို နောက်ခံလူ ဂျူရီယန်တင်းဘားက စတင်သွင်းယူပေးခဲ့တာဖြစ်ပြီး နွာနီရီနဲ့ မီရီနိုတို့က ပထမပိုင်းအတွင်း ဂိုးတွေထပ်မံသွင်းယူပေးခဲ့ကြပါတယ်။ ဒုတိယပိုင်းမှာတော့ အိုဒီဂတ်၊ ထရိုဆက်နဲ့ ကာလာဖီအိုရီတို့က ဂိုးတွေဆက်လက်သွင်းယူပြီး အာဆင်နယ်အတွက် သမိုင်းဝင်နိုင်ပွဲဖော်ဆောင်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။
ဆက်လက်ပြီးအာတီတာက "ကျွန်တော်တို့ဒီပွဲအတွက် အဆင်သင့်ဖြစ်အောင် ပြင်ဆင်ထားခဲ့ပါတယ်။ ဒီလိုဘောလုံးအဆင့်ကိုရောက်လာရင် ကောင်းကောင်းကစားပြီး၊ ပွဲကိုချစ်မြတ်နိုးရပါမယ်။ အသင်းကို ကျွန်တော်က ဒီနေ့လိုကစားပုံမျိုး ပွဲတိုင်းမှာကစားစေချင်ပါတယ်။ ဒီနိုင်ပွဲကြောင့် ပျော်ရွှင်မှုတွေရော၊ ယုံကြည်မှုတွေပါတိုးတက်လာပါတယ်။ ဒါပေမယ့် ဘောလုံးမှာ ပြီးခဲ့တဲ့တာကို ပြန်ကြည့်နေတာမျိုးမရှိပါဘူး။ လာမယ့်ပွဲအတွက်ပဲ အမြဲတမ်းပြင်ဆင်နေရပါတယ်။ လာမယ့်ပွဲစဉ်မှာ ကျွန်တော်တို့ ယူနိုက်တက်ကို အိုးလ်ထရက်ဖို့ဒ်မှာ ယှဉ်ပြိုင်သွားရမှာပါ။ ဒီနေ့ညအတွက် အောင်ပွဲခံဖို့တော့ ကစားသမားတွေထိုက်တန်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။