စပိန်အတွက် အနိုင်ဂိုးသွင်းယူပေးပြီးနောက် ပွဲကစားချိန်နည်းပါးနေမှုအတွက် စိတ်ပျက်မိတယ်လို့ ဝန်ခံလာတဲ့ ဂန်းနားကြယ်ပွင့်မီရီနို
အာဆင်နယ်ကွင်းလယ်လူမီရီနိုက ၂၀၂၆-၂၀၂၇ ဘောလုံးရာသီရဲ့စတင်မှုမှာ သူမျှော်လင့်ထားသလို ဖြစ်မလာခဲ့ဘူးလို့ ဝန်ခံပြောကြားခဲ့ပါတယ်။
Basque ဒေသဖွား ကွင်းလယ်ဖန်တီးရှင်က စပိန်နဲ့အတူ ၂၀၂၆ ဖီဖာကမ္ဘာ့ဖလားကို ဆွတ်ခူးပြီးနောက် နွေရာသီအားလပ်ရက် ပိုမိုရရှိခဲ့ပြီး အခုရာသီ၊ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ပွဲထွက်ကစားခွင့် လုံး၀မရရှိသေးပါဘူး။
အာတီတာရဲ့အသင်းအတွက် သူပါဝင်ကစားခဲ့တဲ့ ငါးပွဲလုံးမှာ အရန်လူအဖြစ်သာ ပါဝင်နိုင်ခဲ့ပြီး ကလပ်အသင်းအတွက်ရော၊ နိုင်ငံ့လက်ရွေးစင်အသင်းအတွက်ပါ အရန်ကစားသမားအဖြစ် အဆုံးအဖြတ်သွင်းဂိုးတွေ သွင်းယူပေးနိုင်သူလို့ နာမည်ကောင်းရရှိထားပါတယ်။
သူက ကမ္ဘာ့ဖလားပြိုင်ပွဲခရီးလမ်းတလျှောက် ပေါ်တူဂီနဲ့ ဘယ်လ်ဂျီယံတို့ကို အနိုင်ရရှိတဲ့ ရှုံးထွက်ပွဲစဉ်မှာ အရန်ကစားသမားအဖြစ် ပါဝင်လာခဲ့ပြီး အနိုင်ဂိုးတွေ သွင်းယူပေးခဲ့သလို စပိန်ရဲ့နေးရှင်းလိဂ်ရာနှုန်းပြည့်နိုင်ပွဲဆက်မှုမှာလည်း ဒီဆိုစီဒက်ကြယ်ပွင့်ဟောင်းက လူစားဝင်ကစားရင်း ဒုတိယပိုင်းပွဲချိန်သွင်းဂိုးနှစ်ဂိုးကို သွင်းယူခဲ့ပါတယ်။
ဒါပေမဲ့ ရှုထောင့်စုံမှကြည့်မယ်ဆိုရင် အခုလိုပွဲကစားချိန်နည်းပါးမှုဆိုတာ စိုးရိမ်ပူပန်စရာကိစ္စတစ်ခုဖြစ်လာတယ်လို့ မီရီနိုက သုံးသပ်ပြောကြားခဲ့ပါတယ်။
"အရန်ခုံမှထလာပြီး ဂိုးသွင်းယူပေးရမယ့် ကျွန်တော့်ရဲ့အလှည့် ရောက်လာတဲ့ နောက်ထပ် ပွဲစဉ်တစ်ခုမှာ အသင်းကို ကူညီခွင့်ရခဲ့လို့ အလွန်ပျော်ရွှင်ကျေနပ်မိပါတယ်"
"ပွဲကစားချိန်ပိုမိုမရရှိလို့ ကျွန်တော် စိတ်ပျက်မိပေမဲ့ အကောင်းဆုံးစိတ်နေသဘောထားနဲ့ ကွင်းတွင်း ဝင်ရောက်ကစားပါတယ်။ ဒါပေမဲ့ ဒီအသင်းဆိုတာ မိသားစုတစ်ခု ဖြစ်ပြီး ဒါကိုလည်း ကွင်းထဲမှာ တွေ့မြင်နိုင်ပါတယ်" လို့ သူက ဆိုပါတယ်။