The network connection is lost.

Banner Image

စိတ်အားထက်သန်မှုအပြည့်နဲ့ လက်နက်ကောင်းတစ်ခုလိုဖြစ်နေတဲ့ ဂန်းနားစတားအကြောင်း ဖွင့်ဟလာတဲ့ အိုဒီဂတ်

ဗုဒ္ဓဟူးညပိုင်း၊ အိုလံပီယာကို့စ်ကို အနိုင်ယူခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်အပြီး အိုဒီဂတ်က အာဆင်နယ်အတွက် စိတ်အားထက်သန်မှုအပြည့်နဲ့ လက်နက်ကောင်းတစ်ခုလိုဖြစ်နေတဲ့ အသင်းဖော်တစ်ဦးအကြောင်းကို ဖွင့်ဟခဲ့ပါတယ်။ အခုပွဲစဉ်မှာ ဂန်းနားတွေက မာတင်နယ်လီ၊ ဆာကာတို့ရဲ့သွင်းဂိုးတွေနဲ့အတူ ပြိုင်ဘက်အိုလံပီယာကို့စ်ကို ၂-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး အိုဒီဂတ်ကိုယ်တိုင်လည်း အကောင်းဆုံးခြေစွမ်းပြနိုင်ခဲ့ပါတယ်။

အိုလံပီယာကို့စ်အတွက် သွင်းဂိုးတစ်ဂိုး ပယ်ဖျက်ခံခဲ့ရပေမဲ့ ပွဲချိန်တလျှောက်လုံးမှာတော့ အာဆင်နယ်ကသာ အသာစီးဖြင့်လွှမ်းမိုးကစားသွားပြီး အာတီတာရဲ့အသင်းအတွက် ကောင်းမွန်တဲ့သီတင်းပတ်တစ်ခု ဖြစ်လာခဲ့ပါတယ်။ သူတို့တွေက ချန်ပီယံလိဂ်အဖွင့်ပွဲစဉ်နှစ်ခုကို အနိုင်ရလဒ်နဲ့အတူ ကျော်ဖြတ်နိုင်ခဲ့သလို ပရီးမီးယားလိဂ်ပြိုင်ပွဲမှာလည်း အမှတ်ပေးဇယားဦးဆောင်သူလီဗာပူးနဲ့ နှစ်မှတ်အကွာအနေအထားဆီ ရောက်ရှိနေပါတယ်။

အခုပွဲစဉ်ခြေစွမ်းပိုင်းနဲ့ပတ်သက်လို့ အိုဒီဂတ်က “ အခုလိုမျိုးပြန်ကစားနိုင်တာ ပျော်စရာကောင်းပါတယ်။ ကျွန်တော့်ရဲ့ခံစားချက်တွေလည်း ကောင်းမွန်နေပါတယ်။ ကောင်းမွန်တဲ့အနိုင်ရလဒ်တစ်ခုပါ။ ကျွန်တော်တို့က ဒီအရှိန်အဟုန်ကောင်းကို လိုက်ပါစီးမြောရင်း အခွင့်အရေးတွေ အများကြီးဖန်တီးချင်ပါတယ်။ အသင်းမှာရှိနေတဲ့ အရည်အသွေးနဲ့ ခံစစ်ပိုင်း ဘယ်လောက်အထိကျစ်လစ်သလဲဆိုတာကို သိရှိထားပါတယ်။ ဒါကြောင့် ကျွန်တော်တို့သာ အခွင့်အရေးတွေဖန်တီးရင်း လိုက်ပါစီးမြောနိုင်မယ်ဆိုရင် ကောင်းမွန်တဲ့အရာတွေ အမြဲတမ်းရောက်ရှိလာပါလိမ့်မယ်”လို့ TNT Sports ဆီ ပြောပါတယ်။

အခုနွေရာသီမှာခေါ်ယူထားတဲ့ တိုက်စစ်မှူးသစ်ယော်ကာရက်စ်နဲ့တွဲဖက်ကစားရမှုအပေါ် သူက “ ဒါက ကျွန်တော်လုပ်သွားချင်တဲ့ အရာပါပဲ။ အထူးသဖြင့် စိတ်အားထက်သန်မှုအပြည့်၊ လက်နက်ကောင်းတစ်ခုလို အမြဲဖြစ်နေတဲ့ ယော်ကာရက်စ်လို တိုက်စစ်မှူးမျိုးနဲ့ပေါ့။ သူတို့အတွက် အခွင့်အရေးတွေဖန်တီးပေးဖို့ဆိုတာ ကျွန်တော့်ရဲ့တာဝန် ဖြစ်ပါတယ်။ ကျွန်တော့်ရဲ့ဂိုးဖန်တီးပေးမှုတွေ အနည်းငယ်ရကောင်းရလာနိုင်ပေမဲ့ နိုင်ပွဲအတွက် ကျေနပ်မိပါတယ်”လို့ ပြောပါတယ်။

လက်ရှိအာဆင်နယ်က လိဂ်ပုံစံအုပ်စုအဆင့်ရဲ့အစောပိုင်းကာလတွေမှာ အကောင်းဆုံးအခြေအနေတစ်ခုကို ပိုင်ဆိုင်ထားပြီး အက်သလက်တီကိုမက်ဒရစ်၊ ဘိုင်ယန်မြူးနစ်၊ အင်တာမီလန်တို့လို ပြိုင်ဘက်ကောင်းတွေနဲ့ မရင်ဆိုင်ရသေးခင် ရမှတ်တွေ သပိတ်ဝင်အိတ်ဝင်စုဆောင်းထားနိုင်ဖို့ဆိုတာ အရေးကြီးပါတယ်။